မလေးရောက် မြန်မာလုပ်သားများ တန်းတူအခွင့်အရေးအတွက် နှုတ်ကတိသာရခဲ့ဟု အလုပ်သမားဒုဝန်ကြီးဆို

ပို့စ်တင်ချိန် - 5/15/2014 07:24:00 PM


သော်ဇင်ထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ် (၁၈)

ရန်ကုန်၊ မလေးရှားနှင့်ထိုင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသော မြန်မာ လုပ်သားများ၏ အလုပ်အကိုင်အခွင့်အရေးအတွက် အလုပ်သမားဒုဝန်ကြီး ဦးဆောင်သောအဖွဲ့မှ ယင်းနိုင်ငံများသို့ သွားရောက်ဆွေးနွေးခဲ့ရာ နှုတ်ကတိက ဝတ်များသာရရှိခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထင် အောင်က ပြောကြားသည်။

မေ ၅ ရက်မှစတင်၍ အဆိုပါနှစ်နိုင်ငံသို့တစ်ပတ်ကြာသွားရောက်ကာ အလုပ်သမားအခွင့်အရေးတောင်းဆိုခဲ့သော ဒုဝန်ကြီးဦးဆောင်သော အဖွဲ့ အနေဖြင့် တစ်ဖက်နိုင်ငံများ၏ မြန်မာလုပ်သားများအပေါ် အလုပ်သမားအ ခွင့်အရေးများဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို နှုတ်ကတိကဝတ်များသာ ရရှိခဲ့ပြီး မြန်မာလုပ်သားများ၏အခက်အခဲများကို ဖြေရှင်းပေးရန်တောင်းဆို ခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးထင်အောင်က မေ ၁၁ ရက်က ရန်ကင်းစက်မှုလက်မှု သင်တန်းကျောင်း၌ပြုလုပ်သည့် ရွှေ့ပြောင်းအလုပ်သမားရေးရာနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းက ''မလေးရှားပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ အားရ ကျေနပ်မှုရှိပါတယ်။ သူတို့နိုင်ငံက အလုပ်သမားနည်းတူတန်းတူအခွင့်အရေး ရဖို့ တောင်းဆိုခဲ့တယ်။ ဆွေးနွေးခဲ့တာဆိုရင် မြန်မာလုပ်သားတွေက အခွင့် အရေးတွေကို သိပ်မသိကြဘူး။ အလုပ်ရှင်ကပေးရမယ့် ဆေးကုသစရိတ်၊ ဝန် ဆောင်မှုစရိတ်တွေကို အလုပ်သမားကမပေးရဘူးဆိုတာ ဆွေးနွေးနိုင်ခဲ့တယ်။ အရင်က မြန်မာလုပ်သားတွေကပဲပေးနေရတာ။ အခုတော့ အလုပ်သမားဘက် ကပေးရမယ့်စရိတ်တွေ တော်တော်ကိုနည်းသွားပါတယ်။ အခုခရီးစဉ်မှာတော့ အာမခံချက်တွေလဲရတယ်။ ပူးပေါင်းကူညီမှုတွေလဲရတယ်။ အဲဒီနိုင်ငံမှာရောက် နေတဲ့ မြန်မာလူမှုအဖွဲ့အ စည်းတွေနဲ့လဲ နားလည်မှုတွေတည်ဆောက်နိုင်ခဲ့ တယ်''ဟု ပြောသည်။

ဒုဝန်ကြီးအဖွဲ့အနေဖြင့် မလေးရှားနှင့်ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်းတွေ့ဆုံခဲ့ပြီး မြန်မာလုပ်သားများ၏ တောင်း ဆိုမှုများကိုမှတ်သားကာ ထိုင်းနှင့်မလေးအစိုးရ အဖွဲ့အစည်းများနှင့်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ''မြန်မာလုပ်သားတွေအနေနဲ့ အလုပ်ပြန်ချိန်မှာ လုယက်ခံရတာတွေ ရှိ တယ်။ အလုပ်အချိန်ပိုဆင်းရတာတွေကို အလုပ်ရှင်က ပိုက်ဆံအပြည့်မပေး တာတွေလဲ အလုပ်ရှင်အချို့နဲ့တွေ့ပြီးဆွေးနွေးခဲ့တယ်။ ပြေလည်မှုရခဲ့ပါတယ်။ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ပြီးတော့လဲ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန နဲ့ ဆက်သွယ်နိုင်ဖို့ကိုလဲ ဆောင်ရွက်ခဲ့ပါတယ်''ဟု ပြောသည်။

အဆိုပါနိုင်ငံသို့သွားရောက်ဆွေးနွေးမှုတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဗဟိုဘဏ်၊ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများသွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Yangon Media Group