ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်မလာရန် အမေရိကန် မျှော်လင့်

ပို့စ်တင်ချိန် - 5/15/2014 04:56:00 AM


  ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်မလာရန် အမေရိကန် မျှော်လင့် အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အရာရှိ အေမီဆာရာရိုက်က အမေရိကန် ပြည်ထောင်စု အနေဖြင့် ထိုင်း၏ လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံရေးကဏ္ဍတွင် နောက်တစ်ကြိမ် ဝင်စွက်ဖက်မည် မဟုတ်ဟု ကျိုးကြောင်းခိုင်လုံစွာ ယုံကြည်ထားကြောင်း ပြောကြားခဲ့

 ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ထပ်မဖြစ်ရန် မျှော်လင့်ယုံကြည်ကြောင်း အမေရိကန် အစိုးရက သဘောထား ထုတ်ပြန်ပြောကြားလိုက်သည်။ အမေရိကန်၏ သက်တမ်းအရှည်ကြာဆုံး အာရှမဟာမိတ် နိုင်ငံအဖြစ် ရပ်တည်နေသော ထိုင်းနိုင်ငံတွင် လတ်တလော နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စပ်လျဉ်းပြီး ပူပန်စရာ အခြေအနေများ ရှိနေသည်။ အထူးသဖြင့် (၂၀၀၆)ခုနှစ်က ဝန်ကြီးချုပ် သက်ဆင်ရှီနာဝါထရာထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်သော ဖြစ်ရပ်မျိုး နောက်ထပ်တစ်ကျော့ ပြန်လည် ဖြစ်ပေါ်လာနိုင်ခြေအတွက် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ သက်ဆင်၏ ညီမဖြစ်သူ ယင်လက်ခ် ရှီနာဝါထရာသည် မကြာသေးမီကမှ ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အရာရှိ အေမီဆာရာရိုက်က အမေရိကန် ပြည်ထောင်စု အနေဖြင့် ထိုင်း၏ လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံရေးကဏ္ဍတွင် နောက်တစ်ကြိမ် ဝင်စွက်ဖက်မည် မဟုတ်ဟု ကျိုးကြောင်းခိုင်လုံစွာ ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။ “ထိုင်းစစ်တပ်ဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ကို ရှေ့ဆက်ပြီး တည်မြဲအောင် ထိန်းသိမ်းထားပါလိမ့်မယ်။ ထိုင်းစစ်တပ် အနေနဲ့ လက်ရှိ အခြေအနေတွေကို ပြောင်းလဲဖို့ ကြားဝင်လာမှာ မဟုတ်ဘူးလို့ ကျွန်မတို့ ယူဆပါတယ်”ဟု ဆာရာရိုက်က သတင်းထောက်များအား ပြောကြားသွားခဲ့သည်။

လတ်တလောတွင် ယင်လက်ခ် ပြုတ်ကျပြီးနောက် ယာယီဝန်ကြီးချုပ်ဖြင့် ဆက်လက်စခန်းသွားနေသည့် ထိုင်းအစိုးရကို အတိုက်အခံများက အင်အားသုံး ဖယ်ရှားပြီး ၎င်းတို့စိတ်ကြိုက် ကြားဖြတ်အစိုးရ ခန့်အပ်သွားမည်ဟု ကြွေးကြော်နေကြသည်။ တစ်ဖက်တွင် အစိုးရကို အားပေးထောက်ခံသည့် ရှပ်နီအင်အားစုများကလည်း ယင်းအခြေအနေကို တုံ့ပြန်ရန် အသင့်ရှိနေရာ ထိုင်းနိုင်ငံရေးသည် ပြည်တွင်းစစ်သဖွယ် အားပြိုင်လာမည့် အလားအလာ ရှိနေကြောင်း လေ့လာသူများက မှတ်ချက်ပြုထားသည်။ ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလက ယင်လက်ခ်အနေဖြင့် ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီးကတည်းက ပုံမှန်လုပ်ငန်း လည်ပတ်နေသော အောက်လွှတ်တော်မျိုး မရှိတော့ချေ။ တနင်္လာနေ့က လွှတ်တော်အမတ် အချို့တို့သည် လက်ရှိအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထင်ရှားသည့် လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ပိုင်ဘွန်း နစ်တီတာဝမ်က အထက်လွှတ်တော် အနေဖြင့် ဝန်ကြီးချုပ်သစ် တစ်ဦးကို ရွေးချယ်ခန့်အပ်ရေးအတွက် အလျင်အမြန် ဆုံးဖြတ်လုပ်ဆောင်ပါရန် တိုက်တွန်းထားသည်။ “ချက်ချင်းလုပ်သင့်နေပြီ။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးအတွက် သိပ်အရေးကြီးတယ်။ လက်ရှိ အကျပ်အတည်းတွေကို ရှည်ကြာနေခွင့် မပေးသင့်တော့ဘူး”ဟု ၎င်းက ဆိုသည်။ လက်ရှိ အခြေအနေများအရ ထိုင်းနိုင်ငံကို နှစ်ပေါင်း(၆၀)ကျော်ကြာ စည်းမျဉ်းခံ စနစ်ဖြင့် အုပ်စိုးလာသည့် ဘုရင်မင်းမြတ် ဘူမီဘိုလ် အဒူလ်ယာဒက်ဂ်ျ အနေဖြင့် နိုင်ငံရေး နယ်ပယ်တွင် ပါဝင်ရပ်တည်ရန် လိုအပ်လာပြီဟု ထိုင်းနိုင်ငံရေး လေ့လာသူ အများအပြားက ယူဆနေသည်။ သက်တော်(၈၆)နှစ် ရှိနေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ထီးဆောင်းမင်းအဖြစ် အုပ်စိုးနေသည့် ဘုရင်ကြီးသည် ကျန်းမာရေး ပြဿနာများ ရှိနေပြီးနောက် ထိုင်းနိုင်ငံရေးကို နှစ်ပေါင်းအတော်များများ မျက်ကွယ်ပြုထားခဲ့သည်။ ထိုင်းနိုင်ငံတွင် ဘူမီဘိုလ်သည် နိုင်ငံသား အားလုံး၏ ဖခင်သဖွယ် လေးစားခြင်းကို ခံရပြီး ၎င်းထောက်ခံရပ်တည်သည့်ဘက်မှာ သိသိသာသာ နိုင်ငံရေး ချိန်ခွင်လျှာ အသာစီး ရလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network.