တာဝန်ကိုယ်စီရှိပါသည်

ပို့စ်တင်ချိန် - 5/15/2014 10:20:00 AM




ရန်ကုန်မြို့ကြီး အပါအ၀င် မြန်မာနိုင်ငံရဲ့ မြို့ရွာ တော်တော် များများဟာ အမှိုက်တွေနဲ့ ပြည့် နှက်နေပါတယ်။ ရန်ကုန်မြို့မှာ တိုက်ခန်းတွေပေါ်က အမှိုက်ထုပ် တွေ ပစ်ချတဲ့ သတင်းတွေလည်း သတင်းစာ၊ ဂျာနယ်တွေမှာ ဖတ် နေရပါတယ်။

ဘာကြောင့် အ မှိုက်တွေများနေရတာလဲ။ အမှိုက် ပစ်တဲ့သူများလို့ များနေတာလား။ မသိမ်းလို့ များနေတာလား။ စည်း ကမ်းမဲ့အမှိုက်ပစ်လို့ များနေတာ လား။ နည်းနည်းလောက် ၀ိုင်း စဉ်းစားကြည့်ရအောင်။

ရန်ကုန်မြို့မှာ လူဦးရေ ခြောက်သန်းကျော်ရှိပါတယ်။ အ ခုနောက်ဆုံး ကောက်ယူထားတဲ့ စာရင်းအရဆိုရင် ရှစ်သန်းအထိ ပင် ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှာ အမှိုက်သိမ်းဝန် ထမ်းဦးရေ ဘယ်လောက်ရှိမလဲ။ စာရေးသူအထင်တော့ သောင်း ဂဏန်းလောက်တော့ရှိမယ် မ ထင်ပါဘူး။ ထောင်ဂဏန်းလောက် ပဲရှိပါလိမ့်မယ်။ ဥပမာ - တစ် သောင်းရှိတယ်ပဲ ဆိုကြပါစို့။ ပစ် သူ ခြောက်သန်းနဲ့ သိမ်းသူတစ် သောင်းကို အချိုးချကြည့်လိုက် ပါ။ ဘယ်လိုနည်းနဲ့မှ အလျဉ်မီ နိုင်မယ်မထင်ပါ။ နောက်တစ်ခု က ရပ်ကွက်တစ်ခုကို အမှိုက်ကန် ဘယ်နှကန်လောက်ရှိမလဲ။ တစ် ကန်ကို အမှိုက်ဘယ်လောက်ထိ ဆံ့မလဲ။ ရပ်ကွက်အလိုက် လူ ဦးရေနဲ့ အမှိုက်ကန်အချိုးဘယ် လောက်ရှိမလဲ။ ဒီအချက်အလက် တွေ တိတိကျကျသိမှသာ ကောင်း မွန်စနစ်ကျတဲ့ အမှိုက်သိမ်း စနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်မှာပါ။

အမှိုက်သိမ်းတဲ့သူနဲ့ အမှိုက် ပစ်တဲ့လူအချိုးက အလွန်ကွာနေ တဲ့အတွက် ပုံမှန်သိမ်းရင်တောင် မှ တော်တော် သိမ်းယူရပါလိမ့် မယ်။ ဒီကြားထဲ အမှိုက်ကားက ပုံမှန်မလာရင်တော့ အခြေအနေ က ပိုဆိုးသွားပါပြီ။ ဒါကြောင့် ရန် ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီအနေနဲ့ အထက်မှာ ပြောခဲ့တဲ့ ရပ်ကွက်လူဦးရေနဲ့ အ မှိုက်ကန် အရေအတွက် အချိုး၊ အမှိုက်ကန်ရဲ့ ပမာဏစတာတွေ ကို တွက်ချက်ပြီး လုံလောက် အောင် ထားပေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် လမ်းဘေးဝဲယာ တွေမှာ လမ်းသွားလမ်းလာတွေ၊ ပြည်သူတွေ လွယ်လွယ်ကူကူ အ မှိုက်ပစ်လို့ရမယ့် အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားရှိဖို့ လိုအပ်ပါတယ်။ အမှိုက်ကန်ထဲ က အမှိုက်တွေကိုလည်း အမှိုက် သိမ်းကားတွေက အချိန်မှန်မှန် လာပြီးသိမ်းဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားရှိနိုင် ပြီဆိုရင် အမှိုက်ကန်တွေ စနစ်တ ကျရှိပြီဆိုရင် ပြည်သူတွေကို စနစ်တကျ အမှိုက်ပစ်ဖို့ အသိ ပညာပေးဖို့ လိုအပ်ပါတယ်။ ဒဏ် ငွေတပ်မယ်ဆိုရင်လည်း တကယ် ထိထိရောက်ရောက်ဖြစ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ‘‘အမှိုက် မပစ်ရ ဒဏ်ငွေ.....’’ ဆိုတဲ့ ဆိုင်း ဘုတ်အောက်မှာ အမှိုက်တွေပုံ နေတာကိုလည်း တော်တော်များ များ တွေ့ဖူးကြမှာပါ။

အခုအချိန်မှာ တချို့သော သူတွေဟာ အမှိုက်တွေကို အမှိုက် ပုံးထဲသွားထည့်ရမှာကိုပဲ စိတ်ထဲ တစ်မျိုးဖြစ်နေကြပါတယ်။ အ မှိုက်ထုပ်လေးကိုင်ထားပြီး အမှိုက် ပုံးတွေမှာ တကူးတကသွားထည့် သူကိုလည်း ထူးဆန်းတဲ့သူ တစ် ယောက်လို ကြည့်တတ်ကြပါ တယ်။ စာရေးသူက ကိစ္စတစ်ခုနဲ့ ဧရာဝတီတိုင်းဘက်ကို သွားတဲ့ အခါ ရန်ကုန်-ပုသိမ် လမ်းမကြီး ဘေးက တစ်နေရာမှာ ကားရပ် နားပါတယ်။ အဲဒီအချိန်မှာ နိုင်ငံ ခြားသားတစ်ယောက် ရေသန့်ဘူး ၀ယ်ပါတယ်။ ရေသန့်ဘူးကို ဖောက်ပြီးတော့ အဖုံးမှာပတ်ထား တဲ့ ပလတ်စတစ်ကိုပစ်ဖို့ အမှိုက် ပုံးလိုက်ရှာတဲ့အခါ မတွေ့တဲ့အ တွက် သူ့ရဲ့ကျောပိုးအိတ်ထဲက အပြင်ဘက်ဆုံးအိတ်ထဲမှာ ထည့် သွားတာ တွေ့ခဲ့ရဖူးတယ်။

အဲဒီအချိန်ကစပြီး စာရေးသူ မှတ်သွားတယ်။ အပြင်ထွက်လို့ အမှိုက်ပစ်စရာနေရာမတွေ့ရင် ကိုယ့်ရဲ့ လက်ဆွဲအိတ်ထဲက အိတ်တစ်အိတ်ကို အမှိုက်ထည့်ဖို့ သတ်သတ်ထားပြီး အဲဒီအထဲပဲ ထည့်ထားလိုက်တယ်။ နိုင်ငံခြားသားကို အထင်ကြီးလို့ ဒီအကြောင်းကို ပြောခြင်းမဟုတ်ပါ။ နိုင်ငံခြားသားတိုင်းလည်း မကောင်းပါ။ဒါပေမဲ့ ကောင်းတာတွေ့လို့ ယူသင့်ရင် ယူရမှာပါ။ အဲဒီလို တကူးတကမထည့်သိမ်းနိုင်ရင် နေပါ။ နီးနီးနားနား အမှိုက်ပုံးတွေ ရှိရဲ့သားနဲ့ ကြုံသလိုပစ်လိုက်တာ တော့ ဆိုးပါတယ်။

အများပြည်သူ အပန်းဖြေ လမ်းလျှောက်ကြတဲ့ အင်းလျား ကန်ပေါင်မှာ အခုဆိုရင် အမှိုက် ပုံးတွေ လုံလုံလောက်လောက် ထားရှိတာကို တွေ့ရပါတယ်။ သို့ပေမဲ့လည်း အင်းလျားကန် ပေါင်မှာ အမှိုက်တွေ တွေ့နေရ ဆဲပါ။ အမှိုက်ပုံးမရှိလို့ အမှိုက်ပုံး ထဲမပစ်ဘဲ ကြုံသလိုပစ်လိုက် တယ်ဆိုရင် အမှိုက်ပုံးလုံလုံ လောက်လောက် မထားရှိတဲ့ မြို့ တော်စည်ပင်ကို လက်ညှိုးထိုးပြီး အပြစ်တင်နိုင်ပါတယ်။ ဒါပေမဲ့ အမှိုက်ပုံးရှိတာကို တွေ့ရဲ့သားနဲ့ ကြုံသလိုပစ်လိုက်တယ်ဆိုရင် တော့ ဘယ်သူ့ကို လက်ညှိုးထိုးပြီး အပြစ်တင်ကြမလဲ။ ကိုယ်ကစပြီး အားလုံးမှာ တာဝန်ကိုယ်စီရှိပါ တယ်။ တိုက်ခန်းတွေပေါ်က အ မှိုက်ထုပ်တွေ ပစ်ချတယ်ဆိုတဲ့ ကိစ္စကလည်း တော်တော်ဆိုးပါ တယ်။ ဘာဖြစ်လို့များ အဲဒီလို ပစ် ချလိုက်တာပါလဲ။ ကိုယ့်ရပ်ကွက် ထဲမှာ အမှိုက်ကန်မရှိလို့လား၊ အ မှိုက်ကားမလာလို့ အမှိုက်ကန် မ ဆံ့တော့လောက်အောင် ပြည့် နေလို့လား၊ အမှိုက်ကန်မှာ မဆံ့ တော့တဲ့အတွက် ပစ်လို့မရဘဲ အိမ်ပေါ်မှာ မဆံ့တော့တဲ့အမှိုက် ထုပ်တွေ များနေလို့လား၊ ဒီလို အကြောင်းပြချက်ခိုင်ခိုင်မာမာ မရှိဘဲ၊ ကျိုးကြောင်းဆီလျော်တဲ့ အဖြေမရှိဘဲ အလွယ်လိုက်ပြီး ပစ်ချလိုက်တယ်ဆိုရင်တော့ ဒါ ဟာ ကိုယ့်တာဝန် ကိုယ်မယူချင် ကို ပြနေပါတယ်။

အခြေခံပညာကျောင်းတွေ မှာ ‘‘တစ်စမြင် တစ်စကောက်’’ ဆိုတဲ့ အမှိုက်နဲ့ပတ်သက်တဲ့  ဆောင်ပုဒ်လေးတွေကို တွေ့ရပါ တယ်။ အောက်မှာကျနေတဲ့ အ မှိုက်ကို လိုက်ကောက်တာက လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ မပစ်ခင်ကတည်းက ကိုယ့်အမှိုက် ကို ကိုယ်က အမှိုက်ပုံးထဲရောက် အောင် ပစ်ဖို့ လေ့ကျင့်ပေးထား စေချင်ပါတယ်။ ရန်ကုန်မြို့ရဲ့ တစ်ခုသော နာမည်ကြီး Inter-national School မှာ ကလေးတွေ ဟာ ခဲတံချွန်တာကအစ ခုံပေါ်က နေအောက်ကို အစတွေကျသွား အောင် ဖြစ်သလိုမချွန်ဘဲ ခုံပေါ် မှာ သေသေချာချာချွန်၊ အဲဒီက ထွက်လာတဲ့ အစတွေကို ပြန်စု ပြီး ကိုယ်တိုင်ကိုယ်ကျ အမှိုက်ပုံးထဲ သွားရောက်ထည့်တာကိုလည်း တွေ့ဖူးပါတယ်။ ဒါဟာ စာရေးသူ တို့ အခြေခံပညာကျောင်းတွေမှာ တွေ့ရတဲ့ ‘‘အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းက’’ ဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့အ ကောင်အထည်ဖော် ဆောင်ရွက် လိုက်တာပါပဲ။

မြို့တော်စည်ပင်ကလည်း အမှိုက်ကန်တွေ၊ အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားဖို့လို သလို သန့်ရှင်းရေးဝန်ထမ်းတွေ ကလည်း ပုံမှန်သိမ်းဖို့ လိုသလို ပစ်တဲ့သူကလည်း စည်းကမ်းနဲ့ ပစ်ဖို့ လိုပါတယ်။

အားလုံးကိုယ်စီတာဝန်ရှိပါ တယ်။ မြို့တော်တစ်ခွင်၊ ပြည် ရွာတစ်ခွင်၊ အမှိုက်ကင်းစင်နေ တာကို တွေ့ကြရမှာပါ။

‘‘ကိုယ့်တာဝန် ကိုယ်တိုင်ယူ နိုင်ကြပါစေ။

7day daily