ငွေမရင်းရပဲ တစ်လ သိန်း ၃ဝ ကျော် ဝင်ငွေရတဲ့ ကိုယ်ပိုင်အလုပ်

ပို့စ်တင်ချိန် - 5/15/2014 10:25:00 AM


တရုတ်အမျိုးသားတယောက်ရဲ့ ငွေကြေးအရင်းအနှီးမလိုပဲ ပိုက်ဆံရှာတဲ့ နည်းက ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် အတော် ဝင်ငွေ ကောင်းပြီး တလကို စတာလင်ပေါင် ၂ ထောင်နီးပါး ရတဲ့ အလုပ်ပါ။ မြန်မာငွေနဲ့ ဆိုရင် သိန်း ၃ဝ ကျော် ပါတယ်။

ဒါကတော့ ဇီရွှီပင်က လူတွေက လက်သီးစွမ်းပြ၊ ခြေစွမ်းပြဖို့ သူ့ဝမ်းဗိုက်ကို ၃ ကြိမ် အထိုး၊ အကန် ခံပါ တယ်။ ဆိုလိုတာက သူ့ခန္ဓာကိုယ်ကို သဲအိတ်လို သူတပါး လေ့ကျင့်စရာအဖြစ် အသုံးတော်ခံတာပါ။

သူ့ဗိုက်က လက်ဝှေ့အိတ်လို မာကျောပြီး ဒီလို အထိုး၊ အကန်ခံရင်း သူက စီးပွားရေး လုပ်ငန်းတခုလို လုပ်ဆောင်တာပါ။ အသက် ၄၈ နှစ် ရှိပြီဖြစ်တဲ့ ဇီ ဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက စူပါ မားကက်
တွေမှာ ဈေးဝယ်လာတဲ့ ပရိသတ် တွေကို ဝိုင်ပုလင်းတွေကို သူ့ ခေါင်းနဲ့ ခွဲပြတာမျိုးတွေ အစွမ်းပြတာတွေ စလုပ်ခဲ့တာပါ။

တချို့ကလည်း သူ့ကို လက်ဝှေ့အိတ်လို အထူး၊ အကန် ခံတာတွေ ပြသဖို့ ကမ်းလှမ်းလာတာတွေ ရှိပါ တယ်။

ပထမတော့ သူ့ကို လဲအောင်၊ ယိုင်အောင် ထိုးတဲ့သူတွေအနေနဲ့ ဘားဆိုင်ကနေ ​အဖျော်ယမကာ တခုခုကို အလကား သောက်နိုင်ပါတယ်။ ဒါကလည်း အပျော်သဘောပါဘဲလို့ သူကပြောထားပါတယ်။

နောက်ပိုင်းကျတော့ သူက ဒီနည်းနဲ့ ငွေရှာမယ်လို့ သိနားလည်ခဲ့တယ်လို့ ဆိုပါတယ်။

ဟူဘေ ပြည်နယ် ဝူဟန်မြို့က ဇီက အခုတော့ တလကို တရုတ်ယွမ်ငွေ ၂ သောင်းဝန်းကျင်လောက်ကို ဒီလို နည်းနဲ့ ငွေ ရှာနေပါပြီတဲ့။

သူ့ မိန်းမနဲ့ သမီး ၂ ယောက်ကတော့ ကိုယ့်ခန္ဓာကိုယ်ကို သူများ အထိုး၊ အကြိတ်၊ အကန်ခံပြီး သမားရိုးကျ မဟုတ်တဲ့ ပိုက်ဆံရှာတာမျိုး မလုပ်ဖို့၊ ရပ်တန်းက ရပ်ဖို့ ဖျောင်းဖြပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဇီ ကတော့ ဆက်လုပ်နေဆဲပါဘဲ။

“ဒီအလုပ်က နိမ့်ကျတဲ့ အလုပ်မှ မဟုတ်တာ၊ ကျနော့်ရဲ့ဒီအလုပ်ကနေ ကျနော် ပိုက်ဆံရတယ်လေ” လို့  ဇီရွှီပင် က ပြောထားပါတယ်။

ဇီ လို အနာခံပြီး အလုပ်လုပ်ဖို့များ စာဖတ်သူရော စဉ်းစားမိပါသလား။

ဧရာဝတီ