မြောက်ကိုရီးယား လေယာဉ်ပစ်တပ်ကို ကင်မ်ဂျုံအန်း သွားရောက်စစ်ဆေး

ပို့စ်တင်ချိန် - 5/15/2014 08:20:00 PM


တောင်ကိုရီးယားနှင့် တင်းမာမှုများ ရှိနေစဉ် အတောအတွင်း မြောက်ကိုရီးယား နိုင်ငံ့ခေါင်းဆောင် ကင်မ်ဂျုံအန်း အနေဖြင့် စစ်တပ် မဟာဗျူဟာ တပ်ဖွဲ့များသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ြေ
မာက်ကိုရီးယား အစိုးရ သတင်းဌာနများက ခေါင်းဆောင်ကြီးကင်မ် အနေဖြင့် ကိုရီးယား ပြည်သူ့တပ်မတော်၏ လေတပ်နှင့် လေယာဉ်ပစ် တပ်ဖွဲ့များသို့ သွားရောက်စစ်ဆေး ကြည့်ရှုခဲ့သည့် သတင်းကို ထုတ်လွှင့် ပြသခဲ့သည်။ ကင်မ်သည် လေတပ်နှင့် လေယာဉ်ပစ်တပ်ဖွဲ့ အမှတ်(၄၄၇)ကို ပြွန်ဂမ်းတောင်ပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လူငယ်ပိုင်း ကွန်မြူနစ် ခေါင်းဆောင်သည် အဆိုပါ တပ်ဖွဲ့များ၏ ပျံသန်းမှု လေ့ကျင့်ရေး ကိရိယာများကို ကိုယ်တိုင်စမ်းသပ် ကိုင်တွယ်မောင်းနှင်ကြည့်ခဲ့ကြောင်းလည်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ကင်မ်က လေသူရဲများ အနေဖြင့် ၎င်းတို့၏ အသက်နှင့် ဘဝကို လေ့ကျင့်သား ပြည့်ဝမှုနှင့် တစ်ထပ်တည်း အပ်နှင်းထားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။ “လေ့ကျင့်မှု များလေလေ၊ စစ်ပွဲမှာ သွေးထွက်သံယို နည်းလေလေပဲ”ဟု ကင်မ်က လေသူရဲများကို မိန့်ခွန်းခြွေခဲ့သည်။


တောင်ကိုရီးယားတွင် မြောက်ကိုရီးယားဘက်မှ လွှတ်တင်လိုက်သည်ဟု ယူဆရသည့် မောင်းသူမဲ့ လေယာဉ်များကို တွေ့ရှိနေရချိန်တွင် ကင်မ်က ယခုခရီးစဉ်ကို စီစဉ်သွားရောက်ခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက မြောက်ကိုရီးယား နေ့စဉ်သတင်းစာ ရိုဒွန်ဆင်မွန်တွင် ဖော်ပြထားမှုအရ ကင်မ်သည် ကိုယ်ပိုင် သမ္မတလေယာဉ် တစ်စင်းကို ဝယ်ယူထားပြီဟု ယူဆရသည်။ ၎င်းနှင့် ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့သည် ရုရှားလုပ် ဇိမ်ခံလေယာဉ် IL-62ကြီး တစ်စင်းပေါ်မှ အတူဆင်းလာသည့် ဓာတ်ပုံကို ယင်းသတင်းစာတွင် ပုံနှိပ်ထားကြောင်း သိရှိရသည်။

planet myanmar network