ပုလဲကွန်ဒိုအတွင်းရှိ e-city mobile ဆိုင်တွင် ကျပ်သိန်း၁ဝဝကျော်ဖိုး ဖောက်ထွင်းခံရ

ပို့စ်တင်ချိန် - 5/15/2014 01:05:00 AM


Written by ဖြိုးဝေလင်း၊ကျော်စိုးမိုး

ကွန်ဒို၏လုံခြုံရေးကို အယုံအကြည် မရှိတော့ဟု ဆိုင်ကပြောဆို

ရန်ကုန်၊ မဇ္ဈိမ။ ။ ပုလဲကွန်ဒိုအဆောင် D တွင်ဖွင့်လှစ်ထားသည့် e-city mobile ဆိုင်တွင် မေလ ၁၂ရက်၊ ညအချိန်က ငွေသားအပါအဝင် ဖုန်းနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်းကျပ်သိန်း ၁ဝဝ ကျော်ဖိုး ဖောက်ထွင်းခံခဲ့ရသည်ဟု အဆိုပါဆိုင်ရှိ ပြောဆိုခွင့်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါဆိုင်အတွင်းမှ တန်ဖိုးကြီးဟန်းဆက်၂၆လုံး၊ ဖုန်းငွေဖြည့်ကတ် ၅ဝကျော်၊ တစ်ကိုယ်ရည်သုံး ကွန်ပျူတာ နှစ်လုံးနှင့် ငွေသား ၇ သိန်းကျော် ဖောက်ထွင်းခံရပြီး စုစုပေါင်းတန်ဖိုး ကျပ် ၁၁၅ သိန်းကျော်ခန့် ရှိသည်ဟု ဗဟန်းမြို့မရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်က ဆိုသည်။

“ပုလဲကွန်ဒိုမှာ လုံခြုံရေးဝန်ထမ်း ခြောက်ယောက်လောက် အမြဲရှိတယ်၊ အဲဒီလိုရှိတဲ့ကြားထဲက ဖောက်တယ်ဆိုတော့ ဖောက်တဲ့သူက သူ့ကိုယ်သူ တော်တော်ယုံကြည်မှုရှိလို့ပဲ။ နောက်တစ်ချက်က ပုလဲကွန်ဒိုရဲ့ လုံခြုံရေးတာဝန်ယူမှုအပိုင်းကလည်း စိတ်ချရတဲ့ အနေအထားမှာ မရှိဘူး။ အခုကိစ္စ မှာလည်း သူတို့ဘက်က ထိထိရောက်ရောက် တာဝန်ယူမှုမရှိဘူး” ဟု e-city mobile က ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

e-city mobile ဆိုင်အနေဖြင့် ပုလဲကွန်ဒိုအတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခွဲကို ပိတ်သိမ်းသွားမည်ဖြစ်ပြီး အဆိုပါဆိုင်ခန်းကို တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ကာ စာချုပ်သက်တမ်း လေးလနီးပါး ကျန်သေးသည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့ပြင် ဖောက်ထွင်းခံရသည့် အဖြစ်အပျက်ကို စစ်ဆေးနိုင်ရန် ပုလဲကွန်ဒို တာဝန်ရှိသူများက CCTV (လုံခြုံရေးကင်မရာ) ကို ဖွင့်ပြရုံသာ ဖွင့်ပြပြီး ပူးပေါင်းပါဝင်မှုမျိုးမရှိဘဲ ဆိုင်ထဲရှိ လုံခြုံရေးကင်မရာ ပျက်နေသည်ကိုလည်း ဖောက်ထွင်းခံရသည့်နေ့တွင်မှ သိရကာ ပုလဲကွန်ဒို၏ အုပ်ချုပ်မှုနှင့်လုံခြုံရေးကို အယုံအကြည် မရှိတော့သည့်အတွက် ဆိုင်ကိုပိတ်ပစ်မည်ဟု ဆိုသည်။

“ဖောက်တုန်းကတော့ ၁၂ ရက်နေ့ ညဖက်က ဖောက်တာ။ ဒါပေမယ့် ဆိုင်ပိုင်ရှင်တွေက ၁၃ ရက်နေ့ မနက် ၉ နာရီခွဲ ဆိုင်ဖွင့်ဖို့ လာတော့မှသိတာ။ တရားခံကိုတော့ လောလောဆယ်မမိသေးဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု ဗဟန်းရဲစခန်းက အတည်ပြုထားသည်။

ပုလဲကွန်ဒိုတွင် ညအချိန်သို့ ရောက်ရှိလာပါက လုံခြုံရေးဝန်ထမ်း ၁ဝ ဦးအထိ တာဝန်ချထားပေးပြီး အဝင်အထွက်ရှိသူတိုင်းအား စစ်ဆေးလျက် ရှိသည်ဟု ဖောက်ထွင်းခံခဲ့ရသည့်ညတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက သုံးသပ်ပြောသည်။

“ကျွန်တော့လုပ်သက် ၈နှစ်၊ ၉နှစ်အတွင်းမှာ ဒါပထမဆုံးဖြစ်တာပဲ”ဟု အဆိုပါဝန်ထမ်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖောက်ထွင်းခံရသည့် ညက တာဝန်ကျဝန်ထမ်းများကို တစ်ရက် ၂ယောက်နှုန်း ရဲစခန်းက စစ်ဆေးလျှက်ရှိပြီး လုံခြုံရေးမှူးကိုလည်း စစ်ဆေးလျှက်ရှိသည်။

ဆိုင်းအတွင်းသို့ ဝင်ရောက်ခိုးယူသူကို အရေးယူပေးပါရန် e-city mobile ဆိုင်ပိုင်ရှင် ဒေါ်နန်းရွှေစင်သန့်၏ တရားလိုပြုတိုင်တန်းချက်ကို ဗဟန်းမြို့မရဲစခန်းက (ပ)၁၉၉/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအား စုံစမ်းလျှက်ရှိသည်။

Mizzima Burmese