အစိုးရအား ဆန့်ကျင်ဆန္ဒပြသော သပိတ်စခန်းတွင် တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံး

ပို့စ်တင်ချိန် - 5/15/2014 04:49:00 PM



မေလ ၁၅။

ထိုင်းနိုင်ငံ မြို့တော် ဗန်ကောက်ရှိ သပိတ်စခန်း တိုက်ခိုက်မှုတွင် လူ ၂ ဦး သေဆုံးခဲ့ပြီး ၂၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

မြို့တော်၏ ဒီမိုကရေစီ အထိမ်းအမှတ်နေရာရှိ သပိတ်စခန်းတွင် ပေါက်ကွဲမှုများ၊ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းကို မျက်မြင် သက်သေများမှ
ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အား သက်မှတ်ခန့်အပ်ထားသော အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့နှင့် အစားထိုးရန်အတွက် လွှတ်တော်အား အစိုးရဆန့်ကျင်သူများ မှ ဖိအားပေး
ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာအား ထိုင်းတရားရုံးမှ ပြီးခဲ့သော သီတင်းပတ်က ဖယ်ရှားခဲ့ပြီးနောက်တွင် ယခုကိစ္စရပ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလကတည်းက စတင်ခဲ့သည့် ဆန္ဒပြမှုများကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြသည်။

အစိုးရထောက်ခံသော အဖွဲ့များနှင့် အစိုးရ ဆန့်ကျင်သော အဖွဲ့များသည် ဗန်ကောက်တွင် စုရုံးလျက် ရှိကြပြီး ထပ်မံ၍ အကြမ်းဖက်မှုများ ဖြစ်ပွားလာမည်ကို
စိုးရိမ်ပူပန်မှုများလည်း တိုးပွားလာလျက် ရှိသည်။

သတင်းများအရ တိုက်ခိုက်မှုများကို လက်ပစ်ဗုံးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက်တွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိမှုများသည် ဗုံးအပိုင်းအစများကြောင့် ဖြစ်ကြောင်း ဗန်ကောက်ရှိ အရေးပေါ်စင်တာမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြမှု လှုပ်ရှားမှုများ ပြီးခဲ့သောနှစ်အတွင်း စတင်ပြီးကတည်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မည်သည့်အဖွဲ့မှ ဝန်ခံကြေငြာခဲ့ခြင်း မရှိသေးပေ။ သို့ရာတွင် အစိုးရ ဆန့်ကျင်သော အဖွဲ့များနှင့် အစိုးရ ထောက်ခံသော
အဖွဲ့များ နှစ်ဖက်စလုံးတွင် လက်နက်ကိုင် တိုက်ခိုက်ရေးသမားများ ရှိကြောင်း သိရှိရသည်။

အခြေခံဥပေဒ တရားရုံးမှ မစ္စယင်လတ်နှင့် ဝန်ကြီးအချို့ကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ ၎င်းနေရာများကို လက်ရှိ အနိုင်ရရှိထားသည့် ဖူးထိုင်း ပါတီမှ လျင်မြန်စွာ
အစားထိုးခဲ့သည်။ လက်ရှိအချိန်တွင် စီးပွားရေးဝန်ကြီးဟောင်း နီဝပ်တွန်ရောင် ဘွန်းဆောင်းပိုင်ဆန်မှ ယာယီဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဖူးထိုင်း ပါတီသည် လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန်
အစီအစဉ်အား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီလ ရွေးကောက်ပွဲကို ဆန့်ကျင်ပိတ်ဆို့ခဲ့သည့် ပုံစံအတိုင်း ၎င်းမဲပေးမှုကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ဆန္ဒပြသူများမှ ပြောဆိုခဲ့သည်။
၎င်းဖေဖော်ဝါရီ ရွေးကောက်ပွဲအား တရားရုံးမှ ဖျက်သိမ်းခဲ့သည်။

မစ္စယင်လတ်၏ အကိုဖြစ်သူ  ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထရာအား စစ်တပ်မှ ဖြုတ်ချခဲ့သည့် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံသည် နိုင်ငံရေး
အကျပ်အတည်းများကြားတွင် ရုန်းကန်နေခဲ့ရသည်။

မစ္စတာ သက်ဆင်နှင့် သူ၏ မိသားစုအား မြို့နေလူတန်းစားများနှင့် လူလတ်တန်းစား အလွှာများမှ အကျင့်ပျက် ခြစားမှုများနှင့် အာဏာအလွဲသုံးစား
လုပ်မှုများဖြင့် စွပ်စွဲထားကြသည်။

သို့ရာတွင် မစ္စတာ သက်ဆင်၏ မူဝါဒများကြောင့် ကျေးလက်ဒေသနေ လူတန်းစားများက ထောက်ခံကြလျက် ရှိပြီး အာဏာသိမ်းမှုပြီးနောက် ကျင်းပခဲ့သည့်
ရွေးကောက်ပွဲ နှစ်ကြိမ်လုံးတွင် သက်ဆင်၏ မဟာမိတ်များမှ အနိုင်ရရှိခဲ့သည်။

လက်ရှိ အစိုးရ ဆန့်ကျင်ဆန္ဒပြသူများမှာ မစ္စယင်လတ်၏ အုပ်ချုပ်မှုအား ရွေးကောက်ခံခြင်း မပြုသော လူထုကောင်စီဖြင့် အစားထိုးရန် တောင်းဆိုလျက်
ရှိကြပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုသည် နိုင်ငံရေးစံနစ်အား ပြန်လည် ပြုပြင်ပြောင်းလဲစေနိုင်မည် ဖြစ်ကြောင်း ပြောဆိုကြသည်။

Ref: BBC
The Myanma Age