စိတ်ဝေဒနာရှင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

ပို့စ်တင်ချိန် - 8/20/2013 10:20:00 AM

တောင်ငူခရိုင် ဖြူးမြို့နယ် သာယာကုန်းကျေးရွာ၌ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က အသက် ၁၉ နှစ်အရွယ် မွေးရာပါ စိတ်ကျန်းမာရေး ချို့တဲ့သူ လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူ မောင်သက်နိုင်ဦးသည် အဆိုပါကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အဆိုပါနေ့ ညနေ ၄ နာရီခန့်က နေအိမ်၌ ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ကျေးရွာအပြင်ဘက် လယ်ကွင်းထဲရှိ ကုက္ကိုပင်တစ်ပင်၏ သစ်ကိုင်းတစ်ခု၌ အရှည် ၆ ပေ၊ လုံးပတ် ၁ မတ်ရှိ အပြာနီကြား ပလတ်စတစ်ကြိုးကို လည်ပင်းတွင်ချည်လျက် ကြိုးဆွဲချသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ပြီး လျှာထွက်ပြီး သေဆုံးနေတာကို တွေ့ရပါတယ်။ ကလေးက ငယ်ငယ်လေးကတည်းက စိတ်ကျန်းမာရေး သိပ်မကောင်းဘူး” ဟု အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice