မိမိအစီအစဉ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်ပြားဖြင့် မောင်းနှင်မှုများကို လိုင်စင်တစ်နှစ် ပိတ်သည်အထိ အရေးယူသွားမည်

ပို့စ်တင်ချိန် - 10/04/2013 03:00:00 PM




မိမိအစီအစဉ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်ပြားများဖြင့် မောင်းနှင်သွားလာ မှုများကို စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်ပိတ်သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သတင်းရရှိပါသည်။

မော်တော်ယာဉ် မောင်းနှင်သူများ အနေဖြင့် က.ည.န မှ တရားဝင် ထုတ်ပေးထားသည့် ယာဉ်နံပါတ်ပြားများကိုသာ တပ်ဆင်မောင်းနှင်ရမည် ဖြစ်သော်လည်း ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ မိမိအစီအစဉ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်များကို တပ်ဆင်ကာ သွားလာမှုများ ရှိနေကြောင်း သိရသည်။

ဒီဇိုင်းပြုလုပ်ထားသည့် ကားနံပါတ်ပြားများဖြင့် မောင်းနှင်သွားလာမှုများနှင့် ပတ်သက်၍ ''ဒီလို ဒီဇိုင်းတွေ ပြုလုပ်ပြီးတော့ မောင်းနှင်သွားလာ နေတာက တရားမ၀င်ပါဘူး။ ဒါကြောင့် စစ်ဆေးသွားမယ်။ တွေ့လို့ရှိရင်တော့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို တင်ပြပြီးတော့ ယာဉ်မောင်းကို ခြောက်လကနေ တစ်နှစ်အထိ လိုင်စင်ပိတ်သိမ်း သွားမယ်'' ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေး၏ ပြောကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ စည်းကမ်းချိုးဖေါက်သည့် ယာဉ်အစီးရေ ၁၉၆၁၄၇ ကို အရေးယူခဲ့ကြောင်း ယာဉ်ထိန်း ဒုတပ်ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။

နံပါတ်ပြားတွင် ဒီဇိုင်းပြုလုပ် မောင်းနှင်နေသည့် မော်တော်ယာဉ် တစ်စီးအား ရန်ကုန်မြို့တွင်း၌ တွေ့ရစဉ်
Eleven Media Group