နိုင်ငံတွင် ရွှေ၊ ငွေ မည်မျှရှိသည်ကို လွှတ်တော်သို့တင်ပြရန် အစိုးရအဖွဲ့သို့ အကြောင်းကြားမည်ဟု သူရဦးရွှေမန်းပြော

ပို့စ်တင်ချိန် - 11/09/2013 06:15:00 PM


နိုင်ငံတော်တွင် ဘဏ္ဍာငွေ၊ နိုင်ငံခြားငွေ၊ ရွှေ မည်မျှရှိသည်ဆိုသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးဌာနက လွှတ်တော်တွင် လာရောက်တင်ပြရန် အကြောင်းကြားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၇ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားလိုက်သည်။

““ဒီတာဝန် ကျွန်တော်တို့မှာ ရှိတယ်။ ကျွန်တော်တို့လွှတ်တော်မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ဒီတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်””ဟု သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားသည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက လွှတ်တော်သို့ ရောက်ရှိသည့် အစီရင်ခံစာများတွင် ရွှေအကြွေးကိုသာ တွေ့ရပြီး တစ်နှစ်လျှင် ရွှေမည်မျှဝင်သည်ဆိုသည်ကို မသိရကြောင်း၊ နိုင်ငံခြားငွေ မည်မျှပိုင်ဆိုင်သည်ကိုမ သိရကြောင်း ပြောကြားချက်အပေါ် ပြည်ထောင်စုလွှတ်တော် နာယက က အစိုးရအဖွဲ့ကို ရှင်းလင်းစေရန်ဆောင်ရွက်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ အစိုးရ၀န်ကြီးဌာနအသီးသီးက နှစ်အဆက်ဆက် နိုင်ငံတော်သို့ပေးရန် ကျန်ရှိနေသောငွေများတွင် ဘီလီယံ တစ်ထောင်ကျော်နှင့်အတူ ရွှေစင်ပိဿာချိန်တစ်သိန်းကျော် ပေးသွင်းရန် ကျန်ရှိနေခြင်းဖြစ်သည်။

ရွှေပိဿာချိန် တစ်သိန်းကျော်၏ တန်ဖိုးသည် တစ်ကျပ်သားလျှင် ခုနစ်သိန်းနှင့်တွက်ပါက ကျပ်သန်းပေါင်း တစ်သိန်းခွဲခန့်ရှိသည့်အတွက် ရရန်ရှိကြွေးများကိုသာမပြောဘဲ နိုင်ငံတော်၏ဘဏ္ဍာထဲသို့ ရောက်ရှိသည့်ရွှေများကိုလည်း ပြောကြားရန်လိုသည်ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။
““ ၁၉၆၀ ပါလီမန်ဒီမိုကရေစီခေတ်ထိ နိုင်ငံပိုင်ရွှေဘယ်နှတန်ရှိလဲဆိုတာ သတင်းစာထိပ်မှာ တွေ့ရတယ်။ နိုင်ငံခြားငွေ ဘယ်လောက်ရှိလဲဆိုတာသိရတယ်။ အဲဒါက တော်လှန်ရေးကောင်စီခေတ်ထိရှိခဲ့တယ်””ဟု ဒေါက်တာဗညားအောင်မိုးကဆိုသည်။
ထိုသို့ ပြည်သူကိုပွင့်လင်းစွာ အသိပေးခြင်းဖြင့် ပြည်သူက မိမိတိုင်းပြည်၏ အခြေအနေကိုသိနိုင်ပြီး ဂုဏ်ရှိ၍ ပွင့်လင်းမြင်သာသည်ဆိုသည်ကိုလည်း ဖော်ပြရာရောက်သည်ဟု ဒေါက်တာဗညားအောင်မိုးကပြောကြားသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာအရ နိုင်ငံတော်၏ ရငွေ၊ သုံးငွေများကို စိစစ်ရာတွင် ကြွေးကျန်များ ပေါ်ထွက်လာခြင်းဖြစ်သည်။ ရွှေကြွေးကျန်မှာ ပုဂ္ဂလိကကုမ္ပဏီများက သတ္တုတွင်းဝန်ကြီးဌာနသို့ ပေးရန်ကျန်ရှိသည့်ရွှေများဖြစ်ပြီး သတ္တုတွင်းဝန်ကြီးဌာနက နှစ်စဉ် မည်မျှရရှိသည်ကို ဖော်ပြခြင်းမရှိခဲ့ခြင်းဖြစ်သည်။

7DAY DAILY