ပိုးသတ်ဆေးလူးထားသောဖရဲသီးစားမိရာမှတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 11/09/2013 06:15:00 PM


တံတားဦး၊ နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ အနောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ရွာတော်လေး ကျေးရွာ ဖရဲစိုက်ခင်းတစ်ခုတွင် ကျောက်ဆည် မှအလုပ်လာလုပ်သော ဖရဲစိုက်ခင်းလုပ်သားနှစ်ဦးမှာ ပထမဆုံးစအလုပ်ဆင်းဆင်းချင်းနေ့တွင် ပိုးသတ်ဆေးလူးထားသော ဖရဲသီးကိုစားသုံးမိရာမှ တစ်ဦး သေဆုံးပြီး တစ်ဦးဆေးရုံတင်ထားကြောင်း တံတားဦးမြို့မရဲစခန်းမှ ယမန်နေ့ကသိရသည်။

သေဆုံးသည့်ဖရဲစိုက်ခင်းလုပ်သားမှာ ကျောက်ဆည်မြို့ မဲကုန်းကျေးရွာနေ အသက် (၁၄)နှစ် အရွယ်ရှိ ဖြိုးဝေဇော်(ခ)ပေါင်ချိန်ဆိုသူဖြစ်ပြီး ဖရဲစိုက်ခင်းကို ကျေးငှက်များသောင်းကျန်းသဖြင့် ဖရဲသီးကို ပိုးသတ်ဆေးလူးအဆိပ်ခတ်ထားကာ လယ်ကန်သင်းပေါ်တွင် ချထားသည်ကိုမသိဘဲ စားသုံးမိကြောင်း၊ ထို့နောက် ပေါင်ချိန်က စိုက်ခင်းအလုပ်သမားတစ်ဦးဖြစ်သူ အောင်တိုးအား လာရောက်ခေါ်ဆောင်ပြီး အဆိပ်လူးထားသောဖရဲစိတ် များကိုအတူတကွစားသုံးခဲ့ကြကြောင်း၊ ၁၅ မိနစ်ခန့်အကြာတွင် ခေါင်းများမူးဝေလာသဖြင့် စိုက်ခင်းအလုပ်သမား ခေါင်းဆောင်ကိုစိုင်းအား သွားရောက်အသိပေးရာမှ အဆိပ်လူးထားသော ဖရဲသီးများစားမိကြောင်းသိရသဖြင့် ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ရွာမှ တံတားဦးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ဖြိုးဝေဇော်မှာ ယမန်နေ့ ညတွင်ပင်သေဆုံးသွားကြောင်း ကျေးရွာနေပြည်သူများထံမှသိရသည်။

စိုးကြီး
The Union Daily