အိမ်ထောင်ရေးကိစ္စ အဆင်မပြေဖြစ်သူက ဆယ်အိမ်မှူးနေအိမ်ရှေ့သွားပြီး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်

ပို့စ်တင်ချိန် - 4/21/2014 11:54:00 AM





ပင်လယ်ဘူး၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊ တုံးမွန်ကျေးရွာတွင် အိမ်ထောင်ရေးကိစ္စ အဆင်မပြေသည့်လူတစ်ဦးမှ မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သွားခဲ့ကြောင်း နောင်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဆိုသူက ယခုလ ၁၈ ရက်နေ့ မနက် ၁၁ နာရီခွဲတွင် ပင်လယ်ဘူးမြို့မရဲစခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်များအရ ရဲစခန်းမှူး ဒုရဲမှူး ကြည်ဦးနှင့်အဖွဲ့က လူသေဆုံးနေသည့်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုစိုးမြင့် အသက်(၂၈)နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။
“ သေဆုံးသူက သူ့လည်ပင်းကို သူ့ဘာသာသေနတ်နဲ့တေ့ပစ်ပြီး အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်..” ဟု အဆိုပါ ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ခေါင်ဆောင် ဦးသန်းအောင်နှင့်အဖွဲ့မှ ပြောပြသည်။
ထိုသူသည် ဇနီးဖြစ်သူ မခင်စန်းတင့် ဆိုသူနှင့် အိမ်ထောင်ရေး ကိစ္စအဆင်မပြေသည့်အတွက် တစ်တောင့်ထိုး လုပ်သေနတ်(အတို)တစ်လက်အား ကိုင်ဆောင်၍ ဆယ်အိမ်မှူး ဦးအုန်းဖေ၏ နေအိမ်ဝင်းပေါက်ရှေ့သို့သွားရောက်ကာ မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆယ်အိမ်မှူးဖြစ်သူ ဦးအုန်းဖေ နှင့် သေဆုံးသူ ကိုမြင့်စိုး ဆိုသူတို့မှာ တူဦးကြီးတော်စပ်ကြသည့် မွေးချင်များဖြစ်ကြောင်း ရဲစခန်း၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။
အဆိုပါ လူသေဆုံးမှုအား သွားရောက်စစ်ဆေးခဲ့သည့် ရဲစခန်းမှူး ဒုရဲမှူး ကြည်ဦးနှင့်အဖွဲ့သည် သေဆုံးသူကိုင်ဆောင်ခဲ့သော သေနတ်နှင့် မိမိကိုယ်ကို အဆုံးစီရင် ခဲ့သော ကျည်ခွံအား သိမ်းဆီးပြီး သေဆုံးးသူအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။



သတင်း၊ ကိုတိုးကြီး