အချိန်အခါမဟုတ် မိုးသီးကြွေကျမှုကြောင့် စပျစ်ခြံစိုက်ဧက ၅၀၀ ကျော် ပျက်စီး

ပို့စ်တင်ချိန် - 4/21/2014 05:25:00 PM


မိတ္ထီလာ၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်တွင် ဧပြီလ ၆ ရက်နှင့် ဧပြီလ ၁၃၊ ၁၄ ရက်တို့က အချိန်အခါမဟုတ် မိုးသီးကြီးများ ကြွေကျသည်အထိ သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ရွာတန်း ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၂၄ ရွာမှ စိုက်ဧက ၅၀၀ ကျော်ရှိ စပျစ်ခြံများ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း အဆိုပါ ရွာများရှိ စပျစ်စိုက် တောင်သူများနှင့် ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်တို့ရှိ စပျစ်ပွဲရုံ လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့ အစပ်ရှိ ကျေးရွာများတွင် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မိုးသီးကြွေကျခဲ့ရာ အဆိုပါဒေသ ကျေးရွာများရှိ စပျစ်ခြံဧက ၈၀၀ ခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်သူများအသင်း စပျစ်စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ထူးက ပြောဆိုသည်။

စပျစ်စိုက်ပျိုးခြင်းသည် ဒေသခံ လူထု၏ အဓိက စီးပွားရေးလုပ်ငန်း ဖြစ်ပြီး Black Queen နှင့် No.3 အမျိုးအစား အညိုရောင် စပျစ်များကို စိုက်ပျိုးလေ့ရှိရာ ယင်းမိုးဒဏ်ကြောင့် ရွာတန်းကျေးရွာ အုပ်စုရှိ ကျေးရွာပေါင်း ၂၄ ရွာအနက် လက်ပံခါးလှ၊ အုတ်ဖို (အရှေ့၊ အနောက်)၊ ကျည်ထိပ်၊ ဆည်ထိပ်၊ ကျည်ထိပ်၊ ရွာတန်းရွာတို့တွင် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ကြောင်း ဒေသခံလူထုက ဆိုသည်။

“ဒီဘက်မှာ စပျစ်စိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ၊ ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဧပြီ ၆ ရက် ညနေကစပြီး မိုးရွာတယ်။ မိုးသီးကြီးတွေ ကျလာတယ်။ အကြမ်းပန်ကန်လုံးလောက် အထိရှိတယ်၊ စပျစ်ပင်တွေက အသီးတင်ချိန်မှာ မိုးသီးရိုက်တော့ အကုန်ကွဲပြဲ ပျက်စီးကုန်တယ်၊ နောက်ဧပြီ ၁၃-၁၄ က မိုးထပ်ရွာတယ်၊ အကုန်လုံး ပျက်စီးကုန်တယ်။ ဒီနယ်က လူတွေက သင်္ကြန်ရက်မှာ ဈေးကောင်း ရနေကျဆိုတော့ မခူးကြရသေးတော့ အားလုံးဆုံးရှုံးကုန်တယ်။ ကျွန်မ တစ်ဧကကျော် စိုက်ထားတယ်။ တစ်နှစ်ကို သိန်း ၅၀ လောက် အထွေထွေစရိတ် နှုတ်ပြီး အမြတ်ကျန်တယ်။ ဒါပေမဲ့ အခုတော့ နှစ်သောင်းဖိုးလောက်ဘဲ ရတော့တယ်။ ဒါတောင် ကားဂိတ်မှာ ရောင်းတဲ့ ဗန်းသည်တွေက လာဝယ်လို့ ရောင်းရတာ” ဟု အုတ်ဖိုအရှေ့ ရွာမှ စပျစ်ခြံစိုက်ပျိုးသူ ဒေါ်နုက ဆိုသည်။

အဆိုပါ မိုးသီးမိုးပေါက်များ၏ ရိုက်ခတ်မှုကြောင့် လက်ရှိ အသီးတင်နေသော စပျစ်ပင်များသာမက စပျစ်ခင်း အသစ်များရှိ အပင်ပေါက်များလည်း ပင်စည်ကိုင်းများ ပြတ်ထွက်ကုန်၍ လာမည့် နှစ်အထိ အထွက်နှုံး ကျဆင်းမှုဒဏ်ကို ခံကြရမည် ဖြစ်ကြောင်း လက်ပံခါးရွာမှ စပျစ်တောင်သူ ဦးသန်းမြင့်က ပြောကြားသည်။

“ဒီမှာက ခြံရှင်နဲ့ခြံ အလုပ်သမားဆိုပြီး လူနှစ်မျိုးဘဲ ရှိတယ်။ အားလုံးက ဒီနှစ် အသီးအထွက်ကောင်းလို့ လှူမယ် တန်းမယ်လို့ အားခဲထားတာ၊ အခုလို ဖြစ်သွားတော့ ခြံရှင်တွေလည်း ဒီနှစ်မှာ အစိုးရဆီက ချေးငွေပြန်ဆပ်ဖို့နဲ့ စိုက်ပျိုးရေး ဆေးကုမ္ပဏီတွေကို အကြွေးဆပ်ဖို့ မလွယ်တော့ဘူး။ ခြံအလုပ်သမားတွေ ဆိုရင် ဆန်ဖိုးတောင် မရှိတော့တဲ့ဘဝ ရောက်ကုန်တယ်” ဟု နှစ်ပေါင်းများစွာ ခြံလုပ်သားလုပ်ခဲ့သူ ဦးလွင်က ဆိုသည်။

ကိုင်းဖြင့် မျိုးပွားခြင်းစနစ်ဖြင့် စိုက်ပျိုးထားသော စပျစ်ပင်သည် သက်တမ်းတစ်နှစ်လျှင် အသီးစထွက်ပြီး လေးပိဿာ ဝန်းကျင်ထွက်ကြောင်း၊ ဒုတိယနှစ်မှ စတင်ကာ အထွက်နှုန်းများ တိုးလာတတ်ပြီး တစ်ပင်လျှင် ပိဿာ ၄၀ မှ ၆၀ အထိ အသီးထွက်ကြောင်း၊ အသီး ထုတ်ပေးနိုင်သော သက်တမ်းသည် ၁၀ နှစ် ဖြစ်ကြောင်း၊ နှစ်စဉ် ဇန်နဝါရီလ၌ အသီး စထွက်သော်လည်း၊ ရောင်းတန်း ဝင်သည့် အသီးထွက်သည်မှာ ဖေဖော်ဝါရီလမှ ဧပြီလကုန် အထိသာ ဖြစ်ကြောင်း၊ ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တွင် မိုးမိပါက အသီးပျက်စီးကြောင်း၊ ရမည်းသင်းမြို့နယ်ရှိ ကျေးရွာများတွင် မြေတစ်ဧကတွင် စပျစ်ပင် ၁၅၀၀ ဝန်းကျင် စိုက်ပျိုးကြောင်း၊ စပျစ်တစ်ဧက စိုက်ပျိုးစရိတ်သည် အစမှ အသီးထွက်ချိန်အထိ (မြေတန်ဖိုးမပါ) သိန်း ၇၀ ဝန်းကျင် ရှိကြောင်းစပျစ်စိုက် တောင်သူများထံမှ သိရသည်။

The Voice Weekly