အိမ်ထောင်ဟောင်းဖြင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဇနီးကို ကတ်ကြေးဖြင့် ထိုးသတ်

ပို့စ်တင်ချိန် - 4/21/2014 05:15:00 PM



ရန်ကုန်၊ ဧပြီ ၂၀။ ။ အိမ်ထောင်ဟောင်းနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဇနီးဖြစ်သူကို ခင်ပွန်းသည်က ကတ်ကြေးဖြင့် ထိုးသတ်ခဲ့မှု ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပေါ်ခဲ့ပြီး အမှုကို မြို့နယ်ရဲစခန်းက ဧပြီ ၁၉ ရက် တွင် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

တောင်ဥက္ကလာပမြို့နယ် ၁/၁၄ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဓားထိုးမှု ဖြစ်ပေါ်ခဲ့သည့် သတင်းအရ မြို့နယ်ရဲစခန်းမှ ဧပြီလ ၁၉ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထား သည်။

အခင်းဖြစ်နေအိမ်တွင် ဒေါ်စောကလျာ (၃၆)နှစ်သည် နေအိမ်နောက်ခန်းတွင် ၀ဲမျက်ခုံးအထက် ထိုးသွင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ဖ၀ါး ထိုးသွင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ၀ဲဘက် ရင်ညွန့်ထိုးသွင်း ဒဏ် ရာတစ်ချက်နှင့် ၀ဲဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိကာ ပက်လက်အနေအထားဖြင့် သေဆုံး လျက်တွေ့ ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက်များအရ သေဆုံးသူသည် ယခင် အိမ်ထောင်ဟောင်းဖြင့် ဆက်သွယ်သည်ဟု လက် ရှိခင်ပွန်းက စွပ်စွဲကာ စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးကာ တိမ်းရှောင်သွားသည်ဟု ရဲတပ်ဖွဲ့က ယူဆ ထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူဟု ယူဆထားသူ မောင်ချစ်ကို လိုက်လံဖမ်းဆီးရမိခဲ့ပြီး ဥပဒေဖြင့် ဆက်လက် အရေးယူပေးရန် ဒု-ရဲအုပ်တေဇာမင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကို တောင်ဥက္ကလာပ ရဲစခန်းက (ပ)၁၇၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက လူသတ် မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်သွားမည်ဟု ဆိုထားသည်။

Mizzima Burmese