ဘုန်းကြီးကျောင်းဝင်းအတွင်း တရားမဝင် ပစ္စည်းများ သိုလှောင်ထားရှိမှု တိုင်ကြားပါက စစ်ဆေးအရေးယူမည်

ပို့စ်တင်ချိန် - 4/21/2014 05:14:00 PM



မန္တလေး၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဘုန်းကြီးကျောင်းဝင်းများတွင် သာသနာနှင့် မသက်ဆိုင်သည့် တရားမဝင် ပစ္စည်းများ သိုလှောင် ထားရှိသည်ဟု သတင်းပေး တိုင်ကြားပါက စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးက ပြောကြားသည်။

ဘုန်းကြီးကျောင်းဝင်း အတွင်းတွင် တရားမဝင်သစ်များ သိုလှောင် ထားရှိပါက သွားရောက် စစ်ဆေး အရေးယူမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းကို မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်များ၊ အတွင်းရေးမှူး ဆရာတော်များ၊ မြို့နယ် သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့က ဧပြီလ ၁၂ ရက်နေ့ပိုင်း အချိန်တွင် တရားမဝင်သစ်များ သိုလှောင် ထားရှိသည်ဟု သတင်းအရ ဝင်ရောက် ရှာဖွေရာ ဘုန်းကြီးကျောင်း ရှစ်ကျောင်းအတွင်းမှ တရားမဝင် တမလန်းသစ် ၁၄၃ တန်ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

“ရဟန်းဆိုတာ လူ့စီးပွားရေး မလုပ်ဆောင်ကောင်းဘူး၊ တရားမဝင်သစ်ကို သိုလှောင် ထားရှိတယ်ဆိုရင် သစ်တောဥပဒေနဲ့ အရေးယူသလို၊ သာသနာ ညှိုးနွမ်းစေမှု ၂၉၅-ကနဲ့လည်း အရေးယူတယ်” ဟု အောင်မြေသာစံမြို့နယ် ဂွေးချိုကျောင်းတိုက် မအူပင် အုတ်ကျောင်းမှ တိုက်အုပ် ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

ရှာဖွေတွေ့ရှိသော တရားမဝင် သစ်များကို သစ်တောဦးစီးဌာန အစီအစဉ်ဖြင့် ခရိုင်သစ်တော ဦးစီးဌာနရုံးဝင်း အတွင်းသို့ သယ်ဆောင်ပြီး တရားမဝင်သစ် တွေ့ရှိသည့် ကျောင်းတိုက် အနီးဝန်းကျင်းတွင် တရားမဝင်သစ်များ သိုလှောင်ထားရှိမှု ရှိ မရှိ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရုံးထံမှ ထပ်မံသိရသည်။

The Voice Weekly