ဝဲလ်ဘက်ကို လက်လွတ်ခံမည့် အခြေအနေမရှိကြောင်း မိုယက်စ်အရိပ်အမြွက်ဆို

ပို့စ်တင်ချိန် - 4/21/2014 05:25:00 PM


မန်ချက်စတာ ယူနိုက်တက်မှ ဒန်နီဝဲလ်ဘက် ထွက်ခွာဖွယ်ရှိကြောင်း သတင်းများနှင့် ပတ်သက်ပြီး အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်က လက်သင့်မခံနိုင်ကြောင်း ဖြေရှင်းပြောဆိုလိုက်သည်။

ဗြိတိသျှ မီဒီယာအချို့က အင်္ဂလန် လက်ရွေးစင် ဝဲလ်ဘက်သည် ယူနိုက်တက်တွင် ပွဲထွက်နေရာ အာမခံချက် မရှိသည့်နောက် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းစွန့်ခွာရန် ကြံစည်နေကြောင်း ဖော်ပြခဲ့သည်။ ယခုရာသီ ယူနိုက်တက်တွင် (၃၂)ပွဲကစားပြီး (၁၀)ဂိုးထိ သွင်းယူထားသော ကစားသမားသည် မိုယက်စ်လက်အောက်တွင် ဝိန်းရွန်နီနှင့် ရော်ဘင်ဗန်ပါစီတို့ကို မကျော်နိုင်ဘဲ တောင်ပံမှသာ အဓိက နေရာပေး ပွဲထုတ်ခံနေရခြင်းကို စိတ်ပျက်နေကြောင်း သိရသည်။ သို့တိုင်အောင် ဝဲလ်ဘက်သည် ပရီးမီးယားလိဂ်တွင် တောင်ပံလူအဖြစ် (၆)ပွဲကစားပြီး (၆)ဂိုးသွင်းပြနိုင်ခဲ့သည်။

ဝဲလ်ဘက်ကို တော့တင်ဟမ် ဟော့စပါးအသင်းက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် မိုယက်စ်က ၎င်းသည် ယူနိုက်တက်၏ ငယ်မွေးခြံပေါက် ကစားသမားကို လက်လွတ်ခံမည် မဟုတ်ဟု ပြောဆိုခဲ့သည်။ “ဝဲလ်ဘက်က သိပ်ကို အရေးပါတဲ့ ကစားသမားပါ။ သူ့ကိုကျွန်တော် တကယ်ပဲ တန်ဖိုးထားပါတယ်”ဟု မိုယက်စ်က ဆိုသည်။ ၎င်းက “အပြောင်းအရွှေ့ ပုံပြင်တွေဆိုတာတော့ အများကြီးပါ။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာက ဝဲလ်ဘက်ဟာ ကျွန်တော့်အတွက် သိပ်အရေးကြီးတဲ့ ကစားသမား၊ ပြီးတော့ မန်ချက်စတာ ယူနိုက်တက် အတွက်လည်း အင်မတန် အရေးပါတဲ့သူ ဖြစ်ပါတယ်”ဟုလည်း အခိုင်အမာ ပြောဆိုသွားသည်။

Ref: Sky Sports
Soccer Myanmar