မြစ်ဆုံကိုလွမ်းတဲ့ ချစ်စိုးကိုရှက်ပါ

ပို့စ်တင်ချိန် - 4/21/2014 05:15:00 PM

မြစ်ဆုံတစ်နေရာကို ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Written by - မောင်စံပေါ

(၁)

လွမ်းတယ်ဆိုတဲ့ စကားလုံးကို မြတ်နိုးတန်ဖိုးထား ချစ်ခင်လေးစားတဲ့ လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ အကြောင်းခြင်းရာ၊ နေရာဒေသတွေနဲ့ ပတ်သက်ပြီး သုံးလေ့ရှိပါတယ်။ ဆုံးရှုံးလက်လွှတ် လိုက်ရတာလည်း ဖြစ်နိုင်သလို ဝေးနေတာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းတိုက်ဆိုင်မှု ရှိလာတဲ့အခါ လွမ်းတတ်ကြတာ ဓမ္မတာပါ။

အခု စာတစ်အုပ်ရဲ့ နာမည်တွေ့လိုက်တော့ ဘုရားတလိုက်မိတယ်။ အတိတ်နိမိတ် စနည်း တဘောင် ဘဝေါစတဲ့ အယူတော် မင်္ဂလာဦးနိုးရဲ့ ဆွေမျိုးသားချင်း တပည့်အတတ်ဟော ပညာရှိ သတိထား လေ့လာလေ့ ရှိတာတွေထဲမှာ ဒီစာအုပ်နာမည်ရဲ့ ရှေ့ပိုင်းမပါပါစေနဲ့ ဆုတောင်းမိတယ်။ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ မဆုံးရှုံးပါရစေနဲ့။

တော်ပါသေးရဲ့ ဆရာက ခရီးသွားပြီး ပြန်အလာမှာ လွမ်းတာကိုစာစီသတာမို့ ဖြေစရာရလိုက်ပါတယ်။

(၂)

မိုင် ၁၃၅၀ ရှည်လျား၍ မြန်မာတစ်နိုင်ငံတွင်စ၊ မြန်မာတစ်နိုင်ငံတည်း တွင်ဆုံးပြီး တစ်နိုင်ငံလုံးကို လေးပေမျှ ရေဖုံးအောင် လုံလောက်သော ထူးခြားလှသည့် ဧရာဝတီမြစ်၏ အစ မေခ၊ မလိခမြစ်ဆုံကို လှမ်းမြင်လိုက်ရသောအခါ အံ့သြ၀မ်းသာ၊ တည်ငြိမ်တက်ကြွ၊ ရသစုံခံစားရပေသည်။ ကြည်လင်လှသော မြစ်ရေနှင့် နာမည်ကြီး မြစ်ဆုံကျောက်များ၏ လုံးဝန်းအေးမြသော အထိအတွေ့မှာ မမေ့နိုင်စရာ။ (စာ-၁၀)

စက်တပ်လှေတစ်စင်းငှား၍ မေခ၊ မလိခရေအလျဉ်ကို လှည့်ပတ်၊ ထိတွေ့ တစ်သားတည်း ညှိခဲ့ကြသည်။ အဖော်ပါသူ ဒေါက်တာလှိုင်မြ၀င်းမှာ ရေကြောက်တတ်သော်လည်း မြစ်ဆုံ၏ရသကိုမူ လက်မလွှတ်နိုင်သဖြင့် အရဲကိုးလိုက်ပါ လာပါသည်။ တိမ်တောင်တိမ်လိပ်များ လှပစွာ၊ ရေကြည်ရေနောက် ဆန်းပြားစွာ၊ စိမ်းစိုသော သစ်တောများ ဖုံးလွှမ်းသော ကမ်းပါးများစွာ၊ အမိနိုင်ငံ၏ ကြွယ်ဝမှုကို ၀မ်းမြောက်စွာ ကြည်နူးခဲ့ကြသည်။ လွမ်းစရာ။ ၀င်း-၀င်း အဖြေရအောင် စဉ်းစားကြည့်ရရင်ဖြင့် ဒီမြစ်ဆုံအလှ၊ သဘာဝကိုတော့ ဘယ်အကျိုး၊ တိုးတက်မှုနှင့်မျှ လဲနိုင်စရာမမြင်။ (စာ-၁၃)

(၃)

မြန်မာပြည်ဖွားမှန်ရင် မြန်မာပြည်သားမှန်ရင် ဧရာဝတီကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ယုံလည်း ယုံကြည်နေဆဲပါ။

ဒါပေမဲ့ ဒီအချက်ကို ရာနှုန်းမှ ပြည့်ပါလေတော့ရယ်လို့ သံသယပွားရလောက်အောင် ဧရာဝတီဟာ ကျန်းမာရေး ကျဆင်းခဲ့ပါပြီ။ စံချိန်ချိုးပြီး ရေလယ်မှာထွန်းလာတဲ့ သောင်ပြင်ကျယ် တစ်မျှော်တစ်ခေါ်ဟာ ကျွန်းဆိုတဲ့ နာမသညာတပ်လို့ မရတော့ပါဘူး။ နှစ်ဖက်ကမ်းပါးကို တိုင်မလို ပေါင်မပါ အခင်းမဲ့စွာနဲ့ နတ်ဖန်ဆင်းတဲ့ ကိုယ်ပျောက်တံတား ဖြစ်လုလုပါ။

အကျိုးတစ်ခုကို ဖြစ်ပေါ်စေတာ အရင်းခံအကြောင်းများပါတဲ့။ အကြောင်းတွေ သိနေပြီဆိုရင် ဘာဆက်လုပ်ကြမှာလဲ။ အတွေးထဲနစ် မွန်းနေဆဲခဏတာမှာ မြစ်ဆုံရဲ့ လှိုင်းငြိမ့်ငြိမ့် ရေကြည်ကြည် ဆောင်ပို့တာနဲ့ ပုဂံကိုရောက်ခဲ့ရတယ်။

ချစ်ရပါသော၊ မြတ်နိုးရပါသော၊ တန်ဖိုးထားရပါသော ပုဂံ။

(၄)

"ပုဂံခေတ် ပန်းချီကြောင့် ဗုဒ္ဓသာသနာ ခိုင်မြဲခဲ့သည်။ မင်းချီးမြှောက်ရုံ၊ ပိဋကတ်သင်ရုံဖြင့် လူထုသို့ အခြေခံဘာသာရေး နားလည်မှု ရောက်မည်ဟု မဆိုသာ။ ဗုဒ္ဓ၀င် အခန်းခန်းတို့ကို မျက်စိဖြင့်မြင်၍ အံ့သြဖွယ်၊ ထိတ်လန့်ဖွယ်၊ ရွှင်လန်းဖွယ်ဖြစ်အောင် ဖန်တီးမှလူထုအတွက် ဘာသာရေးစေတနာ ပွင့်လန်းနိုင်မည်။ ပုဂံပန်းချီသည် ထိုကိစ္စကို ဆောင်ရွက်ခဲ့သည်" ဟူသည့်သဘောကို ဆရာဇော်ဂျီ ဆိုခဲ့ဖူးသည်။ (စာ-၂၃)

ဗီယက်နမ်နိုင်ငံ၊ ဗူးသောင် (Vung Tau) က ဗုဒ္ဓဘာသာဘုရား ကျောင်းတစ်ခုရဲ့ နံရံမှာ ရေးဆွဲထားတဲ့ ငရဲခန်းပန်းချီကားတွေကို သတိရမိတယ်။ အများကြီးမှ တကယ့်အများကြီးပါ။ ငရဲသားတွေ ငရဲမျိုးစုံ ခံနေကြရပုံတွေရဲ့အောက်မှာ ဘယ်လိုမကောင်းမှု အကုသိုလ်ကိုလုပ်ခဲ့လို့ အဲဒီငရဲရောက်ရသလဲဆိုတာ စာနဲ့ရှင်းပြထားတယ်။

ဒီမှာတော့ ငရဲကားတွေ တွေ့မြင်ရတာ နည်းသွားပြီ။ ရောက်လေရာ လျှောက်ရှာကြည့်ပေမယ့် မမြင်မိသလောက် ဖြစ်သွားပြီ။ ရှိလို့တွေ့ရင် မြင်ရင်တောင်မှ ကြောက်ကြပါဦးမလား စဉ်းစားမိတယ်။

(၅)

ကင်မရာခလုတ်နှိပ်တဲ့ စာရေးတဲ့လက်တွေက နားကြပ်ကိုင်ပြီး စာလည်းသင် ဆေးလည်းကုပါတယ်။ စာကိုမည်ကာမတ္တသင်တာ မဟုတ်ကြောင်း သိရတဲ့အခါ လေးစားမှုပိုခဲ့ရတယ်။ ဆရာ့လိုဆရာတွေ များလာစေချင်လိုက်တာ။

ဆေးကျောင်းသားများကို စာသင်ရာတွင်လည်း လူအများကို လေးစားရန်၊ ကုထုံးများကို လူနာများနှင့် တိုင်ပင်ရှင်းပြပြီးမှ ၀ိုင်းဝန်းဆုံးဖြတ်ကြရန်တို့ ပြောင်းလဲစေချင်ပါသည်။ (စာ-၂၃)

(၆)

အိန္ဒိယသတင်းစာများက အိန္ဒိယဆရာဝန်များသည် လာဘ်စား၍ ဆေးကုမ္ပဏီများကို ရွေးချယ်ဘက်လိုက် သုံးစွဲနေပါသည် စွပ်စွဲသောအခါ ဆရာဝန်များကလည်း "မှန်ပါပေသည်။ ဆရာဝန်များသည်လည်း ပြည်သူလူထုထဲမှ လူတန်းစားတစ်ရပ်ပင် ဖြစ်ပါသည်။ တရားစီရင်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်အားလုံးတွင် ဘက်လိုက်မှု မကင်းသေးသမျှ ဆရာဝန်လောက တစ်ခုတည်း ထီးထီးကြီး သန့်စင်နေရန် မျှော်လင့်၍မရနိုင်ပါ" ဟု ဆိုပါသည်။ (စာ-၇၆)

ဆရာက ဆရာဝန်ဆိုတော့ ဆရာဝန်တွေဘက်က ရှေ့နေလိုက်မှာပေါ့လို့ စနောက်ပြီး ထေ့တေ့တေ့ ပြောမယ့်သူတွေ ရှိမှာပါ။ အမှန်က သူတို့မသိကြလို့ပါ။ ဆရာက လူ့အဖွဲ့အစည်း တစ်ခုလုံး မကျန်းမမာ ဖြစ်နေကြောင်း ထောက်ပြခဲ့တာလေ။

(၇)

အဆင်မပြေတာတွေ အခြေခိုင်မာနေဆဲဆိုတဲ့ အကြောင်းတွေးရင်း သယ်ယူပို့ဆောင်ရေးအကြောင်း စိတ်ထဲရောက်လာပါတယ်။ တိုင်းဒေသကြီး မြို့တော်နဲ့ မဝေးလှတဲ့နေရာမှာ အလည်လာဘုရားဖူးသူတွေ အများကြီးခါးစည်းပြီး သည်းခံရတာ လမ်းပန်းဆက်သွယ်ရေးပါတဲ့။ သွားချင်ရာ ရောက်ဖို့ခက်တဲ့ အခြေအနေမှာ ရောက်နိုင်တဲ့နေရာဝင်ပြီး စိတ်ကျေနပ်မှုရအောင် ကြိုးစားရပါရော။ ရသေ့စိတ်ဖြေ ပြောရမယ့်ဘ၀ မဖြစ်ရလေအောင် ပီတိတွေဝေဖြာ ဂုဏ်ယူစရာတွေ မြင်တွေ့ရတဲ့ ဖိုဝင်တောင်ခရီးမှာ တွေးစရာတွေ တွေ့တဲ့နောက် လိုက်မိရာက ကိုယ့်ဘ၀ ကိုယ့်အခြေအနေ ဘ၀င်မကျစရာတွေ တွေ့ရပါရော။

ကျောက်တောင်နံရံတွေကို ထွင်းထားတဲ့ စို့ရာတွေနဲ့ ကျောက်ဂူဓမ္မာရုံ၊ ကျောက်တိုင် အမွမ်းအပြောက်တွေက ရှေးလူတွေရဲ့လုပ်အားနဲ့ ဇွဲလုံ့လကို အံ့မခန်းဖြစ်စေပါသည်။ နှစ်ပေါင်း ၉၀၀ ကျော် ပုဂံနဲ့ခေတ်ပြိုင် နားရွက်တော်ရှည်ရှည်၊ သင်္ကန်းတော်ပါးပါးနဲ့ ကျောက်ဆစ်ရုပ်ပွားတော်များကလည်း ဖူးမကုန်သပ္ပာယ်လှပါ၏။ ထွက်ပေါက်ဝ ကျောက်နံရံမှာ ထွင်းထားတဲ့ ဆင်ဖြူတော်ရုပ်ကြီးကလည်း နှစ်ထပ်တိုက် တစ်လုံးစာလောက်ရှိတော့ အင်္ဂလန်မှာ မြင်းဖြူရုပ်ဆိုပြီး ကြော်ငြာကောင်းလို့ သွားကြည့်ခဲ့ရသော ၁၅ ပေသာသာ အရုပ်လေးကို ပြန်သတိရမိပါသည်။ ကမ္ဘောဒီးယား၊ အန်ကောဝပ်နှင့်အပြိုင် ကြော်ငြာဆွဲဆောင်နိုင်သည့် အဆင့်မြင့်ကျောက် ဆစ်၊ ပန်းတော့၊ ပန်းတမော့ အနုပညာတွေဟာ ဟိုမှာ တစ်နေ့တစ်နေ့ ဒေါ်လာသိန်းနဲ့ချီပြီး ရှာပေးနေနိုင်တဲ့အချိန်မှာ လာကြည့်တဲ့ နိုင်ငံခြားသားတစ်ယောက်၊ နှစ်ယောက်လောက်ပဲ တွေ့ခဲ့ရတာကို ဆရာမကြီး ဒေါ်မြမြရီက တဖျစ်တောက်တောက် ဖြစ်နေပါသည်။

(စာ-၅၂၊ ၅၃)

မရှိမဲ့၊ ရှိမဲ့အလှကို မိတ်ကပ်ကောင်းကောင်းလိမ်းပြီး နဂိုထက်ပိုလို့ ရုပ်ထွက်ကောင်းအောင် ပြတတ်တဲ့ သူငယ်မ မယ်စကြ၀ဠာရတာ မဆန်းလှပေမယ့် သူ့ထက်ပိုလှသူခမျာ ပြတာမတတ်တော့ ရစရာအမှတ်တောင်မှ အဖြတ်ခံခဲ့ရရှာတယ်။ သြော် ဈေးရောင်းခြင်း အတတ်ပညာတဲ့လားကွယ်။

(၈)

ပညာရှိသူတော်ကောင်းတွေက စကားကို သင့်ရာသင့်သလောက်သာ ဆိုတတ်ကြတယ်။ အခါသင့် အခွင့်သာပဟရယ်လို့ ပြောချင်တာတွေ ကြွားချင်တာတွေကို ကရားရေလွှတ် တတွတ်တွတ် မဆိုကြဘူး။ ပြောမှသိမယ့် တရားတွေထက် မပြောရင်တောင်မှ ဦးနှောက်နဲ့စဉ်းစားပြီး နှလုံးသားနဲ့ ခံစားနားထောင် နိုင်ကြမယ့် စကားတွေထား ရစ်တတ်ကြတယ်။

(၉)

အပြန်ကျတော့ ကြေးနီတောင် အိမ်ရာဝင်းထဲက ဖြတ်ပြန်ကြပါသည်။ "၀န်ထမ်းတွေဟာ ၀င်ငွေကောင်းပြီး ဒီဒေသမှာ သီးခြားကမ္ဘာလေးတစ်ခုလို အိမ်တိုင်းဆိုင်ကယ်ကိုယ်စီ၊ ရေခဲသေတ္တာကိုယ်စီနဲ့ အ၀တ်အစား ခေတ်ဆန်လို့ ကျန်းမာရေး၊ အားကစား လိုက်စားနိုင်ကြတယ်" လို့ ကားဆရာကြီးက ပြောပါတယ်။ တောင်သုံးလုံးအနက် တစ်လုံးကတော့ ဖြိုပြီးသွားပါပြီ။ သတ္တုထုတ်ပြီး ပြန်စွန့်ပစ်ထားတဲ့ မြေမှုန့်တွေက မုန့်စိမ်းပေါင်းပုံကြီးလို ညီညီညာညာတွေ့ရပါ၏။ "သို့သော် စက်တွေက ထိုကြေးနီကို ကုန်အောင်မထုတ်နိုင်တော့ စီးလာတဲ့မိုးရေစီးကြောင်းတွေမှာ ကြေးနီညှိတွေပါလာပြီး ယာခင်းတွေကို ဖုံးသွားတတ်ပါသည်။ ဒေသခံတွေက ယာမလုပ်တော့ဘဲ အပေါ်ယံမြေကို ကန်သုံးဆင့်နဲ့ဖျော်ပြီး နောက်ဆုံးနို့ဆီခွက် သံဖြူနဲ့ စစ်ဖမ်းကြပါသည်။ "တစ်ပိဿာ ကျပ် ၉၀၀၀ နှုန်းနဲ့ ပြန်ရောင်းရလို့ တွက်ခြေကိုက်ကြတယ်" လို့ တစ်ယောက်က ရှင်းပြပါသည်။ (စာ-၅၅)

(၁၀)

ပျောက်သွားတဲ့ တောင်ကြီးကို မှန်းဆပြီး လွမ်းလို့ငိုနေကြတဲ့ ဒေသခံတွေကို ဆရာမမေ့ပါဘူး။ အဆင်ပြေနေသူတွေ၊ အဆင်မပြေသူတွေရဲ့ အကျိုးဆိုတာ သင်္ချာပညာရှင် မဟုတ်ပေမယ့် လွယ်လွယ်နဲ့ တွက်နိုင်တဲ့ပုစ္ဆာ။ ဘာအိုင်အေ၊ ညာအိုင်အေ သက်ရောက်မှု အစီရင်ခံစာတွေ ကတော့ ဆရာထုတ်ပြန် ပေးနိုင်တဲ့အရာတွေမှ မဟုတ်ဘဲ။

ဘာဖြစ်ဖြစ်ပါ ပညာရှိကကွက်လပ် ထားခဲ့ပေမယ့် ဒီကလူမိုက် ကြီးကတော့ ကြိုးစားပြီး ကွက်လပ်ဖြည့်နေမိတာပါ။ တချို့လူတွေက သံပရာလိုချင်နေရက်သားနဲ့ သကြားတောင်းချင် တောင်းတတ်တာကလား။

ဓာတ်ပုံအောက်မှာတော့ ဘိုလို ရေးထားပါတယ်။ Ugly copper production process destroying the environment eco system တဲ့။

(၁၁)

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတတ်သော အလေ့အကျင့်ရှိရန် ချိုချဉ်ခွံ၊ အအေးဘူးခွံ၊ ကြွပ်ကြွပ်အိတ် ဘာမှမကျန်ခဲ့စေရန် နားလည်အောင် ပြောထားသောအခါ အံ့အားသင့်ဖွယ်အားလုံးက ကိုယ်တိုင်တာဝန်ယူတတ်၊ ထိန်းသိမ်းတတ်ကြပါ၏။ တချို့က သူတစ်ပါးရှေ့အဖွဲ့များကကျန်ခဲ့သော အမှိုက်များကို ပင်ကောက်ထည့်လာသူများ၊ ရေအလွန်ရှားလာချိန်တွင် မိမိရေဘူးကို မသောက်ဘဲ အပေါင်းအသင်းများကို ခွဲဝေပေးနေသူများကိုလည်း ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ (စာ-၁၁၀)

(၁၂)

မြေကမ္ဘာမှာ နေစရာဖွေရှာနေရသူတွေ ဖြစ်လေတော့ သဘာဝပတ်ဝန်းကျင် ဆိုတာက မေ့ထားလို့ မရတာအမှန်။ စိန်သေတ္တာပေါ်မှာထိုင် ဘဏ်စာအုပ်ထဲက ဂဏန်းတွေကြည့်ပြီး ကြည်နူးနေဖို့ဆိုတာ ပတ်ဝန်းကျင်ဆိုတာ လိုကိုလိုပါတယ်။

သဘာဝပတ်ဝန်းကျင်တွေ အကုန်ပျက်စီးပြီး အထီးကျန်ရင်တောင်မှ ဘာအရေးလဲ။ ဥစ္စာဓနတွေနဲ့ မွေ့လျော်ဖွယ်ကမ္ဘာအတု ဖန်ဆင်းပြီး ပျော်ပျော်ကြီးနေမဟဲ့လို့ ငွေဆိပ်ငယ်ထိပ်ရောက် မှောက်မှောက်မှားမှား စကားဆိုသူလည်း ရှိချင်ရှိမှာပါပဲ။

ဒါပေမဲ့ မေးစရာမေးခွန်းရှိပါတယ်။ တစ်ကမ္ဘာလုံးပျက်စီး တစ်စု၊ တစ်ဦးတည်း ကျန်ချိန်မှာ နေပျော်ပါ့မလား။ တစ္ဆေသရဲတွေကြားထဲ နေရဲရဲ့လား။ (၁၃)

'ဘုန်းတောင်ကြိုးဝိုင်း၊ ဧက ၂၄၀၇၀' ဆိုသော ဆိုင်းဘုတ်တွေ့ရသော်လည်း သစ်ပင်ကြီးကြီးမားမား မတွေ့ရသေးပါ။

"အရင်ခေတ်တုန်းကမှ သစ်ထုတ်ပေမယ့် အလှည့်ကျ ပြန်စိုက်သေးတယ်။ လုပ်တဲ့သူတွေ ကိုယ်တိုင်ကလည်း သစ်တောကို ချစ်တယ်။ နောက်ပိုင်းလုပ်နေကျ မဟုတ်တဲ့ ကန်ထရိုက်တွေကို ပေးလိုက်တော့ အမြတ်ရပြီးရောဆိုပြီး ပေါင်လုံးလောက် အပင်တောင် မချန်တော့ဘဲ အပြောင်ရှင်းကြတယ်ထင်တယ်။ တောင်တွေက ကတုံးချည်းပဲ။ အခုခေတ် ပြန်စိုက်ကြပေမယ့် နည်းနည်းနဲ့ အပင်သေးသေးလေးတွေပဲ ရှိသေးတယ်။"

ကိုအေးထွန်းက မြည်တမ်းပါသည်။ သစ်ပင်မှာ 'တောင်ယာမ ခုတ်ရ၊ ပုံ အစိုးရ' ဆိုတဲ့ ဆိုင်းဘုတ် တွေ့တော့ ဂျူးရဲ့ 'တိမ်ချည်တဲ့ကြိုး' စာအုပ်ကို သတိရပါသည်။

"ငါတို့တွေ တောင်ယာခုတ်လို့ ပြုန်းတာလား၊ ကားအစီးလိုက်သယ် သယ်သွားကြလို့ ကုန်တာလား၊ ဘာလို့ကတုံးဖြစ်လဲ ငါတို့သိပါတယ်" လို့ ပြောနေတဲ့ ချင်းအမျိုးသားကို မြင်ယောင်ပါသည်။ (စာ-၁၃၀)

(၁၄)

'၀ိသေသတိုင်း သမိုင်းအစ' လို့အမည်ရတဲ့ သိန်းဖေမြင့်ရဲ့ စာအုပ်ဖတ်ဖူးခဲ့တာ ကြာပါပြီ။ တောင်ဇလပ်ပန်းရနံ့ကို စာတွေကတစ်ဆင့် နမ်းရှိုက်ခံစား ခဲ့ရဖူးသလို အောက်ချင်းငှက်ဖို၊ ငှက်မ သစ္စာထားပုံကို ကြားရပြန်တော့ သနားခြင်းနဲ့အတူ လေးစားရပါတယ်။ အဟိတ် တိရ စ္ဆာန်တွေရဲ့ သစ္စာတရားကို အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းနဲ့အတူ အစစအရာရာ တိရစ္ဆာန်တွေထက် သာလွန်ပါတယ်ဆိုတဲ့ လူတချို့ရဲ့ သစ္စာမထား စကားမတည်ခြင်း အကြောင်း ပြန်စဉ်းစားမိပါတယ်။

တာဝန်ပြီးက၊ အစပထမ၊ လာခဲ့ကြသည့်၊ မူလနေရာ၊ ငါပြန်ပါမည်၊ စိတ်ကရည်လည်း၊ မတည်စကား၊ တပည့်သားက၊ မှောက်မှားဖောက်ပြန်၊ ဇောက်ထိုးလှန်၏၊ ပြောသည့်စကား၊ ထားမိကတိ၊ မှားသည့်အရာ၊ ငါ့ဝန်တာဟု၊ နှုတ်မှာဖွဖွ၊ ရွတ်ရင်းကလျှင်၊ နေလုံးဝင်သည်၊ အသင်ဝမ်းမြောက် ပါလေတော့။ (ကိုကျေး)

စစ်သားအိုကြီးရဲ့ နောင်တစကားတွေကို ကြားမိတဲ့ခဏမှာ ဖြူစင်တဲ့နှလုံးသားကို မြင်မိတယ်။ နှလုံးသားသဏ္ဌာန် ရိဒ်ရေကန်မှာ လရောင်ဖြာနေပါပေါ့။

နေချင်ရက်သား၊ မသွားမဖြစ်၊ ထားရစ်ရမှာ၊ မချိပါတည့်၊ နွမ်းသည့်ရင်နှင့်၊ အခွင့်မတောင်း၊ ပြန်ရကြောင်းကို။ (ကိုကျေး)

ကားလမ်းပဲရှိတဲ့နေရာမှာ ကားဆရာပြောတာ နားထောင်ပြီး ခရီးဆက်ခဲ့ရတယ်။

(၁၅)

"တရုတ်နယ်စပ်ကတော့ အရမ်းဖွံ့ဖြိုးပြီး အိန္ဒိယနယ်စပ် ကုန်သွယ်ရေးက နှေးတယ်နော်"

"ဒီမိုကရေစီပေါ့၊ တရုတ်က တစ်ပါတီတစ်အာဏာဆိုတော့ ညှိလို့လွယ်တယ်။ အိန္ဒိယက တစ်ခုခုဆို ပါလီမန်မှာဆွေးနွေးရ၊ ကျေနပ်အောင် လုပ်ပြရနဲ့ဆိုတော့ တော်တော်နဲ့ မပြောင်းနိုင်ဘူး။ ယန္တရားကြီးတော့ လာဘ်ပေးလာဘ်ယူလည်း အရမ်းဆိုးတယ်"

ကားဆရာကလည်း ခံစားချက်ကိုဖွင့်ဟ၏။ (စာ-၁၂၁)

နာလိုက်တာ ဒီမိုကရေစီရာ၊ ကားဆရာနဲ့တွေ့မှ နာမည်ပျက်ရလေခြင်း။ အမေးစကား၊ အရွေးမမှားသင့်ကြောင်း ဗဟုသုတပွားခဲ့ရပါရဲ့။ ဖြေတဲ့သူက သူ့ဥာဏ်ပညာအဆင့် အနိမ့်အမြင့်အလျောက် သိသလောက် အခြေခံစဉ်းစားပြီး ထင်ရာမြင်ရာတွေပဲ ဖြေမှာမဟုတ်လားဗျာ။

(၁၆)

"ပျူတွေအကြောင်း ပြောပြပါဦး"

"သိချင်လို့မေးတာလား"

"ဘာရယ်"

"ဒီလိုလေ၊ သိချင်လို့မေးတာ ဆိုရင်ပြောပြမယ်။ ညှိချင်လို့မေးတာ ဆိုရင်တော့ ကျွန်တော်သိတာတွေကလည်း ညှိရလောက်အောင် အခြေမခိုင်ဘူး။ တစ်ဆင့်ကြား သဘောမျိုးပဲ။ နည်းနည်းသိပြီးသားဆိုရင် မပြောတော့ဘူး" ဆိုတော့ ဒီမိုကရေစီခေတ် အစပိုင်းတွင် ရိုးရိုးသားသား မေးခွန်းတစ်ခုကို 'သိ' ချင်၍မေးခြင်း၊ 'ညှိ' ချင်၍မေးခြင်း၊ 'ရိ' ချင်၍မေးခြင်း၊ 'ကလိ' ချင်၍မေးခြင်း၊ 'ရှိ (သိရှိ)' တာတွေကို ကိုယ်တိုင်ကြွားပြောချင်၍ သူများမသိလောက်သည့် မေးခွန်းကို မေးခြင်းဟု ပုဒ်မတပ်ခံနေရမည်စိုး၍ အစည်းအဝေးများ၌ မျိုချဆိတ်ဆိတ် ထိုင်နေခဲ့ကြရသည်ကို ရည်ရွယ်ကြောင်း သဘောပေါက်သော ကိုကိုနှင့် သင်းသင်းနွဲ့တို့က ကားပေါ်တွင်မို့ လွတ်လွတ်လပ်လပ် ရယ်နိုင်ကြပါသည်။ (စာ-၇၇)

(၁၇)

မြန်မာပြည်မှာ သဘာဝအလှ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်၊ သမိုင်းဆိုင်ရာ အထောက်အထားများ ကြွယ်ဝပီသလှသည်။ ဖော်ထုတ်မှု အားနည်းနေမှုကြောင့်သာ ကမ္ဘာ့အလယ်တွင် လူသိနည်း၊ ကိုယ့်နိုင်ငံသားများ အလယ်တွင်လည်း ဂုဏ်ယူရမှန်းမသိ ဖြစ်နေကြသေးသည်။ (စာ-၅)

(၁၈)

ဂုဏ်ယူရလောက်မှန်း အသိတွေ ရှိနေကြတောင်မှ ကိုယ်တိုင်သွားရောက် တွေ့မြင်ခံစားဖို့ဆန္ဒတွေ ပြည့်နေကြတောင်မှ သွားလာရေးက မလွယ်သေးတာအမှန်။ အခြေခံလိုအပ်ချက်တွေ မပြည့်စုံသေးတာ ရှက်ရှက်နဲ့ ၀န်ခံရမှာပါပဲ။

ရှက်တဲ့အကြောင်းပြောရင်းနဲ့ 'ငြိမ်းကိုရှက်ပါ' ဆိုတဲ့ ခေါင်းစဉ်ကလေး သတိရမိရဲ့။ ရှက်နေပေမယ့် မိတ္တူပွားစပယ်ရှယ်လစ် အမှန်အကန်ဖြစ်ကြောင်း ပြချင်တာနဲ့ ချရေးလိုက်မိတယ်။

"ချစ်စိုးကိုရှက်ပါ"

ဟုတ်တယ်လေ။ ကိုယ်ကချစ်ခင်မြတ်နိုး တန်ဖိုးထားလှချည်ရဲ့ တဖွဖွပါးစပ်ကသာ ပြောနေတာ၊ ခြေကမြေမကြွတော့ မရောက်ဖြစ်သေးချိန်မှာ ဆရာက မြန်မာပြည်အနှံ့ ခရီးဆန့်ခဲ့ပြီ။ ဗမာကြီးတွေနေထိုင်တဲ့ အနောက်တံခါးပေါက် ရခိုင်ပြည်နယ်ကစပြီး ချင်း၊ ကချင်၊ ရှမ်း ကနေ မွန်တို့ဌာနီရာမညကို ခေါ်သွားတယ်။ တနင်္သာရီလည်း မကျန်ရဘူး။ ပဲခူးရိုးမကိုဆန်ပြီး တမာနံ့ မွှေးတဲ့အညာကို ပို့ပေးရဲ့။ ဓာတ်ပုံလှလှတွေနဲ့ ခံစားမှုစာစုတွေတောင် လက်ဆောင်ပေးခဲ့တယ်။

ပိုတိုအက်ဆေးဆိုရင် အမှတ်ပြည့် ပေးမိမှာအမှန်။

(၁၉)

ရိုးရှင်းတဲ့မျက်နှာနဲ့ မာန်မတက် ဟန်မဖက်တဲ့ဆရာ။ ရောင်စုံဓာတ်ပုံလေးတွေက ရသပေါင်းစုံပေးတယ်။ ဟိုတစ်တို့ ဒီတစ်စက်နဲ့ ခရီးသွားဒိုင်ယာရီထဲမှာ ဆရာရေးတဲ့စာတွေက သုတရဲ့အကြား ရသတွေပါ ပွားစေတယ်။ ခံစားမှုနဲ့အတူ အတွေးသံသရာမှာပါ လည်စေတယ်။

မကြည့်တော့ မမြင်၊ မမြင်တော့ မသိ၊ မသိတော့ မချစ်ခင်၊ မချစ်ခင်တော့ တန်ဖိုးမထားကြပါဘူး။ ကိုယ်တိုင် မရောက်ဖူးတောင်မှ ကိုယ်တိုင်မသွားနိုင်တောင်မှ ဓာတ်ပုံလေးတွေကတစ်ဆင့် ကိုယ့်တိုင်းပြည် ကိုယ့်ဒေသရဲ့အလှ၊ ကြွယ်ဝတဲ့ သဘာဝသယံဇာတနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို တွေ့မြင်ရတယ်။ တို့တို့ထိထိ စာကလေးတွေက အသိတရား ပွားများစေကြောင်း နှိုးဆော်ပေးတယ်။

ချစ်ခင်ရာက လေးစား၊ လေးစားရာက တန်ဖိုးထား၊ တန်ဖိုးထားရာက ထိန်းသိမ်းစောင့်ရှောက် ကြတဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ကြ စေချင်ပါတယ်။

လှပကောင်းမွန် အဓိပ္ပာယ်ပြည့် တန်ဖိုးရှိတဲ့ စကားလုံးတွေ စာသားတွေဟာ သီချင်းထဲမှာ အိပ်ပျော်နေဖို့ မဟုတ်ပါဘူး။ ဟန်လုပ်မာန်တင်းပြီး လူမြင်ကောင်းရုံ ဌာန်အပြည့်ဆိုနေဖို့ သက်သက်ထက်ကို အများကြီးပို လေးနက်တဲ့ အနှစ်သာရတွေ ရှိပါတယ်။

လှပတဲ့စာတစ်အုပ် မွေးထုတ်ပေးခဲ့တဲ့ ဆရာ့ကို အထူးကျေးဇူး တင်ပါတယ်။

(ညွှန်း-ရတနာသိုက် စာပေတိုက်က ၂၀၁၄ မတ်လမှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ချစ်စိုးရဲ့ မြစ်ဆုံအလွမ်းနှင့် ခရီးသွားဒိုင်ယာရီ)

Eleven Media Group