ဗန်းမောက်မြို့နယ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းသုံး စက်ယန္တရားများအား မီးရှို့ဖျက်စီးခံရ

ပို့စ်တင်ချိန် - 4/21/2014 12:00:00 PM


သတင်း၊ ကိုတိုးကြီး
ဗန်းမောက်၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မိုးတေကျေးရွာ၏ အနောက်မြောက်ဘက် (၁၃)မိုင်ခန့်ရှိ သတ္တုတူးဖော်ရေးကုမ္မဏီပိုင် စက်ယန္တရားကြီးများအား ဒေသခံရွာသားများမှ မီးရှို့ ဖျက်စီးခဲ့သည့်အတွက် မီးလောင်ကျွမ်း၍ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မံစီကြီးကျေးရွာနေ ဒေသခံပြည် သူတစ်ဦးမှ ပြောပြသည်။
“ 727 သတ္တုတူးဖော်ရေး ကုမ္မဏီပိုင် စက်ယန္တရားတွေ မီးရှို့ဖျက်စီးခံရတာ ဖြစ်ပါတယ်..” ဟု မံစီကြီး ကျေးရွာ တည်ငြိမ်အေးချမ်းရေး အဖွဲ့ဝင် တစ်ဦးမှ ဆက်လက်၍ ပြောပြသည်။
အဆိုပါ သတ္တုတူးဖော်ရေး ကုမ္မဏီသည် မိုးတေကျေးရွာ၏ အနောက်မြောက်ဘက်ရှိ တောတွင်းတစ်နေ ရာ၌ ယာယီတဲများထိုး၍ စခန်းချကာ ရေမြောင်းနှင့် လမ်းများဖောက်လုပ်နေသည့် လုပ်ငန်းခွင်ရှိ စက် ယန္တရားများအား ယခုလ ၁၂ ရက်နေည ၁၂ နာရီကျော်အချိန်ခန့်က မီးရှို့ဖျက်စီးခံရခြင်းဖြစ်ကြောင်း မြေကော် စက်ယန္တရားမောင်း တာဝန်ခံ ဦးစိုးလင်း ဆိုသူမှ မံစီကြီးနယ်မြေရဲစခန်းတွင် ထိုကဲသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ ကုမ္မဏီဝန်ထမ်း(၁၁)ဦးက လမ်းဖောက်လုပ်ပြီး ညအိပ်နေတဲ့အချိန်မှာ အမည်မသိ လူ(၁၅) ဦးက ဒုတ်၊ဓားလက်နက်တွေ ကိုင်ဆောင်လာပြီး မြေကော်ယာဉ်ပေါ် အိပ်နေတဲ့ ကိုမျိုးဝင်း ဆိုသူကိုဆင်း ခိုင်းတယ်..။ နောက်ပြီး ဒီဇယ်ဆီတွေလောင်းပြီး မီးရှို့ဖျက်စီးခဲ့တယ်..” ဟု ဦးစိုးလင်းမှ ဒုရဲအုပ် မောင်ဇော် ထံ ထိုကဲသို့ ပြောပြခဲ့သည်။
အမည်မသိ လူဆယ့်ငါးဦးမှ သတ္တုတူးဖော်ရေး ကုမ္မဏီပိုင် စက်ယန္တရားများအား မီးရှို့ဖျက်စီးခဲ့သည့် အတွက် Back hoe ယာဉ်(၁)စီး၊ လေးလုံးထိုး အင်ဂျင်တပ် ထော်လာဂျီယာဉ်တစ်စီးနှင့် သုံးကီလိုလျှပ် စစ်မီးစက်တစ်လုံးတို့အား မီးလောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် သတ္တုတူးဖော်ရေး ကုမ္မဏီဝန်ထမ်း ဦးစိုးလင်းမှ စက်ယန္တရားများအား မီးရှို့ဖျက်စီးခဲ့သူများအား လိုက်လံစုံးစမ်းခဲ့ရာတွင် ကြောင်လည်ကျေးရွာမှ ရွာသားအချို့ဖြစ်ကြောင်း သိရှိရသည့်အတွက် မံစီကြီး နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်တန်းချက်အား မံစီကြီးနယ်မြေရဲစခန်းက(ပ) ၁၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၄၃၆/ ၅၀၆ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး မည်သည့် အကြောင်းကြောင့် သတ္တုတူးဖော်ရေး ကုမ္မဏီပိုင် စက်ယန္တရားကြီးများ အား မီးရှို့ဖျက်စီးခဲ့ရသည်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

 ကိုတိုး ချင်းတွင်း