လီဗာပူးလ်၏ ဖိအားဒဏ် ခံနိုင်မှု စွမ်းရည်ကို ရော့ဂျာချီးကျူး

ပို့စ်တင်ချိန် - 4/21/2014 05:25:00 PM


ပြင်းပြင်းထန်ထန် ဖိအားများ သက်ရောက်နေသည့် အခြေအနေကို တွန်းလှန်ဖြတ်သန်းနိုင်သည့် အသင်း၏ ခံယူချက် အားကောင်းမှုကို လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ချီးကျူးပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်း အရေးနိမ့်သွားသည့် အချိန်တွင် လီဗာပူးလ်က နောဝှစ်ခ်ျစီးတီးကို (၃-၂)ဖြင့် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပိုမိုအားကောင်းစွာ ရပ်တည်ခွင့် ရလာစေပြီ ဖြစ်သည်။ လီဗာပူးလ် အနေဖြင့် နောဝှစ်ခ်ျ၏ စိတ်ဓာတ်အပြည့် တုံ့ပြန်ကစားမှုကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီးမှ အလွန်အရေးပါသော (၃)မှတ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ရော့ဂျာက “ပထမပိုင်းမှာ ကျွန်တော်တို့ အသင်းဟာ ထူးကဲတဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ တုံ့ဆိုင်းမှု ဘာမှမရှိခဲ့ဘူး။ ပွဲကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ထိန်းချုပ်ထားနိုင်ခဲ့တယ်လေ”ဟု ဆိုသည်။

၎င်းက “ဒါပေမဲ့ နောဝှစ်ခ်ျကို ချီးကျူးရပါမယ်။ သူတို့ရဲ့ (၄-၂-၃-၁)ကစားပုံက ဒုတိယပိုင်းမှာ အလုပ်ဖြစ်ခဲ့ပြီး ဂိုးလည်း ရသွားတယ်။ ပရိသတ်ကလည်း သူတို့ကို အားပေးတယ်။ နောဝှစ်ခ်ျအသင်းနဲ့ ပရိသတ်တွေအတွက် အရှိန်တင်ပေးလိုက်သလိုပါပဲ။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ဟာ ခက်ခဲကြမ်းတမ်းတဲ့ ပွဲစဉ်တစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရှိသမျှ အရာအားလုံးကို နောက်တစ်ကြိမ် ထုတ်ပြနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပထမပိုင်းမှာ ကစားသွားတဲ့ ပုံစံနဲ့ ဘောလုံးကို ထိန်းချုပ်ထားပုံတွေကတော့ လုံးဝ ကျေနပ်စရာပါပဲ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ဖိအားဒဏ် ခံနိုင်ရည်ရှိမှုကို ပြသခဲ့တယ်။ ဘယ်လိုဘယ်ပုံ အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်နေသလဲ ဆိုတာကို သက်သေထူခဲ့တယ်။ ဒါဟာ စုစည်းညီညွတ်မှု အရည်အသွေးကို ပြသနိုင်ခဲ့တာလို့ ကျွန်တော်တို့ မြင်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ယခုပွဲ ရလဒ်ကြောင့် လီဗာပူးလ်သည် လက်ကျန်(၃)ပွဲလုံး ရှုံးလျှင်ပင် တတိယနေရာအောက် ကျဆင်းတော့မည် မဟုတ်ချေ။ တစ်နည်းအားဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲသို့ ခြေစစ်ပွဲမဝင်ဘဲ တိုက်ရိုက်ကစားခွင့် သေချာသွားပြီ ဖြစ်သည်။ “ကစားသမားတွေအတွက် ဂုဏ်ပြုပါတယ်။ ရာသီအစပိုင်းမှာ လူတိုင်းက ကျွန်တော်တို့ အနေနဲ့ စတုတ္ထနေရာအတွက်တောင် တော်တော့်ကို ရုန်းကန်ရလိမ့်မယ်လို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့် ကစားသမားတွေကတော့ သူတို့ရဲ့ အရေးပါမှုနဲ့ အားထုတ်မှုတွေကို ကောင်းကောင်း သက်သေပြနိုင်ခဲ့တယ်”ဟု ရော့ဂျာက ချီးကျူးသွားသည်။

Ref: Goal
Soccer Myanmar