လှည်းကူးတွင် ညမထွက်ရအမိန့် အဆင့်လိုက် ရုပ်သိမ်းမည်

ပို့စ်တင်ချိန် - 4/21/2014 02:18:00 PM


ရန်ကုန်၊ ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့မဈေးတွင် ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခ ကြောင့် ထုတ်ပြန်ခဲ့ရသော ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ကို ကန့်သတ်ချိန့် လျှော့ချ၍ အဆင့်လိုက် ရုပ်သိမ်းမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီမှ စတင်ကာ ည ၆ နာရီမှ နံနက် ၆ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ကြောင်း၊ မြို့တွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာသောကြောင့် ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ နံနက် ၄ နာရီထိ အပြင်မထွက်ရန် သတ်မှတ် လျော့ချပေးခဲ့ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လုံခြုံရေး အခြေအနေအားလုံး စိတ်ချရပြီဆိုရင် ပုဒ်မ ၁၈၈ ကို ပြန်လည် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လှည်းကူးမြို့နယ်တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရဲအင်အား ထောင်ကျော်ဖြင့် နေ့စဉ် လုံခြုံရေးများ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၁၈၈ ဖြင့် ငြိစွန်းသူ ခြောက်ဦးခန့်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“မနက် ၆၊ ည ၆ မထွက်ရ အမိန့်ထုတ်တုန်းက အလုပ်သွား အလုပ်ပြန် အချိန်မမီတော့ တော်တော်ဒုက္ခရောက်ရတယ်။ အခုလို ည ၁၀ နာရီထိ ခွင့်ပြုပေးလိုက်တော့ အလုပ်သွားရလာရ အဆင်ပြေသွားတာပေါ့” ဟု ဈေးကြီးရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

ဧပြီ ၄ ရက် ညနေ ၄ နာရီခန့်က လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဈေးဆိုင်နှစ်ဆိုင်မှ ဈေးရောင်းချသူနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့စဉ် အစ္စလာမ် ဘာသာဝင် အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသား၏ မျက်လုံးကို ကတ်ကြေးဖြင့် ထိုးခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သက်ဆိုင်ရာက မြို့နယ်အတွင်း ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ပြီး ကတ်ကြေးဖြင့်ထိုးသူ အမျိုးသား အပါအဝင် သုံးဦးကို အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly