စစ်တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခံရသည့် သမီးကလေး ကျေးရွာသားများအတွက် ကရင်ပြည်နယ် ကျောက်ခတ်ကျေးရွာတွင် နေအိမ် ၂၀ နီးပါး ဆောက်လုပ်ပြီးစီး

ပို့စ်တင်ချိန် - 4/21/2014 10:43:00 AM



Written by:
ကိုရွှေသိန်း(မြ၀တီ)

သမီးကလေး ကျေးရွာသားများအတွက် ကရင်ပြည်နယ်၊ ကျောက်ခတ်ကျေးရွာအတွင်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော နေအိမ်များကို တွေ့ရစဉ်
ကျောက်ခတ်ကျေးရွာရောက် သမီးကလေး ကျေးရွာသားများ၏ နေရာထိုင်ခင်းအတွက် (DKBA) တိုးတက်သော ဗုဒ္ဓဘာသာ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်မှ မြေနေရာစီစဉ်ပေးပြီး ကော်မတီဖွဲ့စည်းကာ နေအိမ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေအိမ် ၂၀ နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းမတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလီ စသည့်ရွာများမှ ကျူးကျော်အဖြစ် ဖျက်ဆီးခံခဲ့ရပြီး မြေမဲ့ယာမဲ့ အိမ်မဲ့ဘ၀ကို ရောက်ခဲ့ရသူ ၁၉၂ ဦး၊ မိသားစု ၇၈ စုအတွက် တောင်ယာမြေများကို ၀ယ်ယူပြီး ၄၀×၆၀ မြေကွက်အဖြစ် စီစဉ်ပေးကာ မိုးမကျမီ နေရာထိုင်ခင်း ပြီးစီးနိုင်ရေး ၀ါးနှင့်ဖက်ကို အသုံးပြု ဆောက်လုပ်လျက်ရှိသည်။

“မိုးမရောက်ခင် နေအိမ်ပြီးစီးစေလိုတဲ့အတွက် ကော်မတီနဲ့ညှိနှိုင်းပြီး သစ်တိုင်အစား ၀ါးနဲ့ဆောက်လုပ်ကြတာပါ။ ခုအိမ် ၂၀ နီးပါး ပြီးနေပါပြီ။ နေတဲ့လူတွေလည်း အိမ်ပေါ်တက်နေကြပြီ။ ကျန်တဲ့မိသားစုတွေကတော့ ဆောက်လုပ်ဆဲ မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ နေကြပါတယ်။ ဒေသမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင် ၀င်ဖို့နေရာ အမြန်ဆောက်လုပ်နေကြပါတယ်” ဟု သမီးကလေးကျေးရွာသားများ နေအိမ်တည်ဆောက်ရေး ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

ဧပြီ ၅ ရက်တွင် ကျောက်ခတ်ကျေးရွာသို့ ရောက်ရှိလာသည့် သမီးကလေး ရွာသားများတွင် ကလေးငယ်လေးများ၊ လေဖြတ်ထားသည့် ဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဖျားနာနေသည့် လူနာများအပြင် သွေးလွန်တုပ်ကွေးဖြစ်နေသော ကလေးငယ်များ ပါဝင်လာသည့်အတွက် ကလို့ထူးဘော စစ်ဗျူ ဟာမှ ကျန်းမာရေးမှူး စောမျိုးသူရက အနီးကပ် စောင့်ကြပ်ကုသပေးလျက် ရှိသည်။

ယင်းသို့ ကုသပေးနိုင်ရန် မြ၀တီမြို့ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းမှ ငွေကျပ် ၁၁ သိန်းကျော် တန်ဖိုးရှိ ဆေးဝါးများ လာရောက်လှူဒါန်းခဲ့ကြောင်း၊ ကနဦးရောက်စတွင် ရွှေပါရမီမှ ဆရာဝန်နှစ်ဦး လာရောက်ပံ့ပိုး ကုသပေးခဲ့ကြောင်း သိရသည်။

ကျောက်ခတ် ကျေးရွာသားများ၏ ကလေးငယ်များနည်းတူ သမီးကလေးကျေးရွာမှ မူလတန်း ကလေးငယ်များအား ရွာမူလတန်းကျောင်းတွင် ပညာသင်ကြားပေးရန် စီစဉ်ပေးမည်ဖြစ်သလို အလယ်တန်းအဆင့် ပညာရေးကို လိုလားသည့် ကလေးငယ်များကို မြ၀တီမြို့သို့ တက်ရောက်ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောကြားသည်။

“DKBA ရဲ့စောင့်ရှောက်မှုနဲ့ နေထိုင်ဖို့ အိမ်ဆောက်ပြီးစီးသွားတဲ့ အခါကျရင် စိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ ရော်ဘာ၊ ပြောင်းစိုက်ခင်းတွေမှာ နေ့စားအလုပ် သွားလုပ်ရမယ်လို့ ဆိုပါတယ်။ တခြားက အလုပ်လာခေါ်တာလည်း ရှိပါတယ်။ ကြိုးစားလုပ်ကိုင်မယ်ဆိုရင် ရေရှည်မှာ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်” ဟု သမီးကလေး ကျေးရွာသားတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးကျေးရွာအား တပ်ပိုင်မြေအတွင်း ပါဝင်သည်ဟုဆိုကာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ နံနက်အစောပိုင်းက ဖယ်ရှားခံခဲ့ရသည်။ ယင်းနောက် အိမ်ထောင်စု ၇၇ စုမှ မိသားစုများသည် ဧပြီ ၂ ရက်နေ့ နံနက် ၄ နာရီခွဲတွင် အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှ DKBA နောက်သို့ လိုက်ပါသွားခဲ့ကြသည်။

news-eleven