မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်ကျွမ်းမှု သက်ဆိုင်ရာ သတင်းမထုတ်ပြန်သေးဟုဆို

ပို့စ်တင်ချိန် - 4/21/2014 02:43:00 PM


မန္တလေး၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အနေနှင့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး အရေးယူမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မန္တလေးမြို့တော်တွင် ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ဝန်ကြီးချုပ် နေအိမ်နှင့် ဧပြီလ ၂၀ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်တွင် ဈေးချိုဟိုတယ်တို့တွင် မီးလောင်ကျွမ်းခဲ့ရာ အချိန်ခုနစ်နာရီခန့် အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မီးသတ်ကားသံကို နီးနီးကပ်ကပ် ကြားလိုက်ရတော့ ဘယ်နေရာလဲဆိုပြီး လိုက်ကြည့်တာ၊ ကိုယ်လည်း ဝန်ကြီးချုပ်အိမ် ဆိုတာလည်း မသိပါဘူး။ ဘေးက လူတွေပြောတော့မှ သိတာ။ မီးခိုးတွေ အိမ်အပေါ်ထပ်ကနေ ထွက်နေတာကိုပဲ မြင်ရတယ်။ မီးသတ်ကားတွေလည်း အများကြီး ရောက်လာတယ်။ မီးလောင်ပြီး မိနစ် ၂၀ ကျော်လောက်မှာပဲ တစ်လမ်းလုံး မီးတွေ အကုန်ပိတ်သွားပြီး အမှောင်ကျသွားတာပဲ။ မီးသတ် တပ်ဖွဲ့ဝင်တွေတောင် ဝတ်စုံမပြည့်စုံရင် အိမ်ထဲ ဝင်မရတာကို တွေ့ရတယ်။ သတင်းထောက်တွေလည်း အိမ်အပြင်ကပဲ ဓာတ်ပုံ ရိုက်နေရတာကိုလည်း တွေ့ရတယ်” ဟု အဆိုပါ မီးလောင်ကျွမ်းသည့် နေရာတွင် ရောက်ရှိနေခဲ့သူ ဝန်ကြီးချုပ် အိမ်ရှိရာ မဟာဇေယျာဘုံ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဝန်ကြီးချုပ် နေအိမ် မီးလောင်ကျွမ်းမှုကို စုံစမ်းစစ်ဆေးလျက် ရှိကာ ဈေးချိုဟိုတယ် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးကို ပ ၃၃၇/၂၀၁၄ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဟိုတယ် မီးလောင်ကျွမ်းမှုတွင် ငွေစာရင်းခန်းမှ ဝါယာရှော့ ဖြစ်ခြင်းဖြစ်ပြီး ဆုံးရှုံးမှုပမာဏ ကျပ် ၄၂ သိန်းခန့်ရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ခြောက်ဦးရှိကာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ဟိုတယ် မီးလောင်ရာ နေရာသို့ မီးသတ်ယာဉ် ၆၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၃၅ ဦး သွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၄ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ဟိုတယ် မီးလောင်တာကို မီးသတ် တပ်ဖွဲ့ဝင်တွေ ကြိုးစားပြီး ငြှိမ်းနေရတာကို တွေ့ရတယ်၊ တော်တော်လည်း ချီးကျူးဖို့ ကောင်းပါတယ်။ ဟိုတယ်ထဲမှာ ပိတ်မိနေတဲ့ သူတွေကိုလည်း လှေကားရှည်တွေ ထောင်ပြီး ကယ်ဆယ်နေတာကို တွေ့ရတယ်။ မီးကလည်း အထဲကနေ လှိုက်လောင်နေတော့ အချိန်တော်တော်ကြာမှ မီးငြိမ်းသွားတယ်” ဟု အဆိုပါ မီးလောင်ကျွမ်းရာတွင်ရှိနေသူ သီရိမန္တလာ ကားကွင်းအနီးရှိ တိုက်ခန်းတွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ်ရှိ ဦးကျော်မိုးက ဆိုသည်။

The Voice Weekly
ဆက်စပ်သတင်း - မန္တလေး ဝန်ကြီးချုပ် ဦးရဲမြင့် သတင်းများ