ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်- နေပြည်တော်- ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့် ပိတ်သိမ်း

ပို့စ်တင်ချိန် - 5/15/2014 04:15:00 PM


နေပြည်တော် မေ ၁၄

နေပြည်တော်မှ ရန်ကုန်သို့ မေ ၁၂ ရက် ညနေ ၆ နာရီတွင် နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ ဦး တင်ဆောင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော် ယာဉ်သည် ညနေ ၆ နာရီ ၄၅ မိနစ်တွင် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို စတင် တိုက်မိပြီး ဝက်လက် မီးရထားခုံးကျော် တံတားထိပ်ကို ထပ်မံတိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ယာဉ်ပေါ်၌ ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး အပါအဝင် ခရီးသည် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၆ ဦးပါရှိသည့်အနက် အမျိုးသား ၁၀ ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး နေပြည်တော်ခုတင် (၁၀၀၀)ဆေးရုံကြီး၌ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၂ ဦး၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ပေါင်း အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၁ ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူ ပို့ဆောင်ရေး၌ စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်- နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့် အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့မှ ၂၀၁၄ ခုနှစ် မေ ၁၅ ရက်မှ စတင်၍ ပိတ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

MOI web portal