ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်(၃)ဦး ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးသဘောတူ

ပို့စ်တင်ချိန် - 5/21/2014 12:33:00 PM


ရန်ကုန်၊မေလ ၂၀။

မြန်မာနိုင်ငံအနှံ့အပြားတွင် ပြည်သူများတောင်းဆိုနေသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား ပြည်ခိုင်ဖြိုးပါတီဝင်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက
သဘောတူထောက်ခံကြောင်းမေ(၂၀)ရက် က ဗိုလ်အောင်ကျော်လမ်း၊ အောက်ဘလောက်ရှိ၊ (Arkaty)ဗလီဘုရားဝတ်ပြုကျောင်းတွင် ပြောကြားခဲ့သည်။

“၁၉၆၂ခုနှစ်ကစတင် အုပ်ချုပ်ခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီလမ်းစဉ်ကိုသွားမယ်ဆိုရင် ပြည်သူတွေတောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုပါတယ်။ လွှတ်တော် ထဲမှာ လည်း ပြည်သူတွေနဲ့ကိုက်ညီတဲ့ဥပဒေတွေကိုထားမယ်။မကိုက်ညီတဲ့ ဥပဒေတွေကိုတော့
ပြင်ဆင်နိုင်အောင်လုပ် နေပါတယ်။အခုပြည်သူတွေကြုံတွေ့ နေတဲ့ ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လုပ်ဆောင်တာကို ကျွန်တော်လည်း
သဘောတူပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောသည်။

“တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်းရေးချမ်းရေးရဖို့ ပြည်သူတွေအတွက်အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်ဆင် ရေးဆွဲဖို့လုပ်နေပါတယ်၊
ကျွန်တော်တို့အနေနဲ့လက်ရှိတည်ဆဲဥပဒေတွေအားလုံးကိုစိစစ်ပြီးတော့ အမှန်တကယ်ပြည်သူတွေအားလုံးအတွက် အကျိုးရှိတဲ့ဥပဒေကို
ပြဌာန်းနိုင်အောင်လုပ်မယ် အကျိုးမရှိတဲ့ ဥပဒေကိုပယ်ဖျက်သွားမယ်။ပြည်သူ့တွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားပါမယ်” ဟု
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသိန်း (ခေါ်)ဦးလှသိန်းက ပြောသည်။

လက်ရှိအချိန်တွင် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားသော ပုဒ်မ(၉၈)ခုအား ပြင်ဆင်နိုင်ခဲ့ပြီး ဖြစ်သလို လာမည့် ပထမအကြိမ်ပြည်သူ့လွှတ်တော်
စည်းအဝေးတွင် ဥပဒေပုဒ်မ(၂၀၀)အား ပြင်ဆင်ရေးဆွဲသွားနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းမှ မျှော်လင့်ထားကြောင်း၊ကျောက်တံတားမြို့ 
ကိုယ်စားပြု ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ဆိုသည်။

ဆက်လက်ပြီး ၎င်းက တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ တောင်ကြီးနှင့်မန္တလေးမြို့တွင် ဥပဒေစိုးမိုးရေးအတွက် စင်တာနှစ်ခုဖွင့်လှစ်သွားရန်စီစဉ်ထားသလို
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအား  ပြည်သူ့လွှတ်တော် ဒုဥက္ကဌဦးနန္ဒကျော်စွာ ဦးဆောင်ကာ တရားစီရင်ရေးဥပဒေမှ တာဝန်ရှိသူ (၁၅)ဦး၊ တခြားအဖွဲ့အစည်းမှ
(၅)ဦးတို့ဖြင့် ဥပဒေပုဒ်မများအားစိစစ်ရွှေးချယ်ကာ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချစ်မင်းထွန်း
The Myanma Age