ဘရာဇီးတွင် အိမ်ခြေမဲ့ဆန္ဒပြသူများ ဘတ်စ်ကားများကို မီးရှို့ဖျက်ဆီး

ပို့စ်တင်ချိန် - 5/21/2014 03:23:00 PM

အိမ်ခြေမဲ့ဆန္ဒပြသူများ ဘတ်စ်ကားများကို မီးရှို့ဖျက်ဆီးနေစဉ် 

ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးမြို့ ဆာပေါ်လိုမှာ အိမ်ခြေမဲ့ ဆန္ဒပြသူတွေက ဘတ်စ်ကားတွေကို မနေ့က မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အကြီးအကျယ် ငွေကုန်ခံ ပြင်ဆင်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲ မကျင်းပမီ ရက်ပိုင်းအလိုထိ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

အိမ်ခြေမဲ့ လုပ်သားများလှုပ်ရှားမှု MTSTက ဆန္ဒပြသူတွေဟာ ဆာပေါ်လိုမြို့လယ်မှာ ဘတ်စ်ကား ၅ စီးကို မီးရှို့ခဲ့တယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်တွေကို လက်ခံကျင်းပမယ့် ဘောလုံးကွင်းတွေကို ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ ဖိုး ကျခံသုံးစွဲမှုနဲ့ ပြီးစီးဖို့ နှောင့်နှေးနေမှုအပေါ် ဒေါသထွက်လို့ ခုလို လုပ်တာလို့ ဆိုပါတယ်။

ဆာပေါ်လိုမြို့ စည်ပင်သာယာ နယ်နိမိတ်မှာ လူအများအပြားဟာ ကျူးကျော်ရပ်ကွက်လို အခြေအနေမျိုးတွေနဲ့ နေထိုင်ရတယ်လို့ ခန့်မှန်းထားပါတယ်။

ဘရာဇီး အိမ်ယာမဲ့တွေကတော့ အစိုးရဟာ ထိပ်တန်းဦးစားပေးနေရာကို ကမ္ဘာ့ဖလားနဲ့ နေရာလွဲ ချမှတ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မနှစ်က တိုက်ကြီးများဖလား ဘောလုံးပွဲ ကျင်းပစဉ်အတွင်း  လမ်းပေါ်ထွက် ဆန္ဒပြခဲ့ဖူးပါတယ်။

အခုလည်း အဲဒီဖြစ်စဉ်ကို ပြန်အသက်သွင်းဖို့ ဆန္ဒပြသူတွေက စီစဉ်နေပါတယ်။ ဆာပေါ်လိုမြို့ဟာ ကမ္ဘာ့ဖလား ဖွင့်ပွဲကို ဇွန်လ ၁၂ ရက်နေ့မှာ လက်ခံ ကျင်းပမှာပါ။

DVB Burmese