အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ရန် ပြည်ထောင်စုလွှတ်တော် ကော်မတီဆုံးဖြတ်

ပို့စ်တင်ချိန် - 5/21/2014 12:48:00 PM


ရန်ကုန်၊ မေ ၂၀

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေး ပြင်ဆင်ရန် တောင်းဆိုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ဦးတင်မောင်ဦးက ပြောကြားသည်။

ပုဒ်မ ၄၃၆ အပါအဝင် အဓိကကျသော ပုဒ်မအချို့ကို ပြင်ဆင်ရန် မေလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ကော်မတီ အစည်းအဝေး တစ်ရပ်၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး မည်သို့ ပြင်ဆင်မည်ဆိုသည့် အချက်ကို ထုတ်ဖော် ပြောဆိုနိုင်မည် မဟုတ်ကြောင်း ကော်မတီဝင်များက ရှင်းပြသည်။

“၄၃၆ (က) ရော၊ (ခ) ရော ပြင်မှာ ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဦးက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အရေးကြီးဆုံး အခန်းဖြစ်သည့် အခန်း (၁၂) ရှိ ပုဒ်မအားလုံးကို လိုအပ်သလို ပြုပြင်မည် ဖြစ်သော်လည်း မည်သည့် အဆင့်အထိ ပြင်ဆင်မည်ကို ထုတ်ဖော် ပြောဆိုခွင့် မရှိကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေနှင့် မေလ ဒုတိယပတ်မှ စတင်ကာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆက်တိုက် ဆောင်ရွက်လျက်ရှိပြီး အခန်း (၁၂) ၌ ပါရှိသော ပုဒ်မများနှင့် ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်ပြီး ဖြစ်ကြောင်း၊ ယခု ဆက်လက်၍ အခန်း (၁) နိုင်ငံတော် အခြေခံမူများနှင့် ဆက်စပ်သည့် ပုဒ်မ ၂၀ ခန့်အထိ ပြင်ဆင်မှု ပြုလုပ်ပြီး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ပုဒ်မ ၄၃၆ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အဓိက အငြင်းပွားဖွယ် ဖြစ်နေသော ပုဒ်မများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်မည် မဟုတ်ဟု ပြောဆိုနေကြသည်မှာ မှားယွင်းကြောင်း၊ ယခု အခန်း (၁၂) ပုဒ်မအားလုံး အပါအဝင် ပြည်သူက ပြင်ဆင်ရန် လိုလားသော ဥပဒေ ပုဒ်မများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ရှင်းပြသည်။

“အခုလွှတ်တော် ကော်မတီဝင် ၃၁ ယောက်မှာ ဦးတို့ပါတီက ၁၄ ယောက်လောက် ပါပါတယ်။ ဒီပုဒ်မတွေပြင်ဖို့ အားလုံးနဲ့ ပူးပေါင်းပြီး ဦးဆောင် လုပ်ကိုင်နေပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၎င်းကဆိုသည်။

သို့သော် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေနှင့် ဥပဒေ ပုဒ်မများကို ပြင်ဆင်ခွင့် မရှိကြောင်း၊ ပြင်ဆင်သင့်သည့် ဥပဒေပုဒ်မအလိုက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်နိုင်သည် အထိသာ တာဝန် ပေးအပ်ထားကြောင်း ဦးတင်မောင်ဦးက ထပ်မံရှင်းပြသည်။

ပြည်ထောင်စုလွှတ်တော် ကော်မတီက ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီး ပုဒ်မများကို ပြင်ဆင်ရန် လွှတ်တော်သို့ အကြံပြု လာသည့်တိုင် မဲခွဲဆုံးဖြတ်သည့်အခါ အနိုင်ရရန် ခက်ခဲမည် ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က နိုင်ငံရေးတွင် တပ်မတော်၏ လက်ရှိ ရယူထားသည့် ကဏ္ဍကို စွန့်လွှတ်လိုဟန် မရှိကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ဦးဆောင်ကာ လူထုဆန္ဒ ရယူဆောင်ရွက်နေမှု များမှာလည်း ရည်ရွယ်ချက်အတိုင်း အောင်မြင်ရန် ခက်ခဲပြီး နိုင်ငံရေး လေ့လာစောင့်ကြည့်သူအချို့ စိုးရိမ်နေသည့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနိုင်ခြေမှာလည်း နည်းပါးကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပြီးမှသာ တပ်မတော်က ၄၃၆ နဲ့ ပတ်သက်လို့ ဖြေလျှော့တာမျိုး လုပ်မဲ့သဘောပါ” ဟု ဦးရဲထွန်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေး မြို့တော်များတွင် လူထုဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ပြီး တပ်မတော်က အာဏာ မမက်မောကြောင်း ပြသရန် အခြေခံဥပဒေကို ပြင်ဆင် ပေးသင့်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အဓိက ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက အခန်း (၁၂) ပုဒ်မ (၄၃၆) အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် လိုအပ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်း ကန့်သတ်ထားသည်။

The Voice Weekly