ကားအရောင်းပြခန်း လိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ

ပို့စ်တင်ချိန် - 5/21/2014 10:55:00 AM


ကားအရောင်းပြခန်း လိုင်စင်လျှောက်ထားပါက တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ စိစစ်တင်ပြရန် အကြောင်းကြားစာနှင့်အတူ သတ်မှတ်စာရွက်စာတမ်းများ ပူးတွဲတင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း သတ်မှတ်ထားချက်အရ သိရသည်။

အဆိုပါ ပူးတွဲတင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်၊ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ မော်တော်ယာဉ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ် စသည်တို့ပါဝင်သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ မော်တော်ယာဉ်
အရောင်းဌာန မှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အရောင်းပြခန်းအဆောက်အဦသစ် ဆောက်လုပ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းအတွက် အင်ဂျင်နီယာ (အဆောက်အဦ) ၏ ခွင့်ပြချက်တို့လည်း လိုအပ်မည်ဖြစ်သည်။

လုပ်ငန်းရှင်သည် နိုင်ငံသားဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ငံခြားသားဖြစ်ပါက ပတ်စ်ပို့မိတ္တူ၊ လိုင်စင်ဓာတ်ပုံသုံးပုံတို့ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။ ယင်းအပြင် လုပ်ငန်းတည်နေရာအား လုပ်ကိုင်ဆောင်ရွက်ခွင့် အထောက်အထား (ဥပမာ ကိုယ်ပိုင် ဂရန်၊ စာချုပ်၊ အငှားစာချုပ်)၊ လုပ်ငန်းတည်နေရာ (မျက်နှာစာ၊ အတွင်း၊ အပြင်) ဓာတ်ပုံများ၊ လုပ်ကိုင်မည့်လုပ်ငန်းကို ဝဲ၊ ယာ ရှေ့နောက် ပတ်ဝန်းကျင် (၁၀) ဦး သဘောတူ၊ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များ၊ မြို့နယ်အဆင့်အဖွဲ့အစည်းများဖြစ်သော မီးသတ်တပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာရေးအဖွဲ့တို့၏ ထောက်ခံချက်များ၊ လုပ်ငန်း တည်နေရာပြမြေပုံ၊ အခြားအထောက်အထား စာရွက်စာတမ်းများအား လိုအပ်ပါက ထပ်မံတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးမှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိရေးအတွက် လုပ်ငန်းရှင်အနေဖြင့် မြို့နယ်ထွေအုပ်၊ ခရိုင်ထွေအုပ်မှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားရန်လည်း လိုအပ်မည်ဖြစ်သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိလာသည့်အခါ ကော်မတီစိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကွင်းဆင်း စစ်ဆေးရမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံမည်ဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာအရ လိုအပ်ချက်များပြည့်စုံမှုရှိပါက ကော်မတီဝင်များ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များပြည်စုံမှုရှိပါက ယင်းရက်မှ (၇) ပတ်ခန့်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Internet Journal