အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထား

ပို့စ်တင်ချိန် - 5/21/2014 03:25:00 PM


၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီအထိ ၁၀ လ အတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။ ယခင်နှစ် တစ်နှစ်လုံး ထုတ်လုပ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန် ၂၆ သန်းကျော် ရှိပြီး ၁၀ လ အတွင်း ဘီယာ ထုတ်လုပ်မှုမှာ ဂါလန်ပေါင်း ၂၇ သန်း နီးပါးအထိ ရှိခဲ့ခြင်းကြောင့် ဂါလန် တစ်သန်းကျော် ပိုမို ထုတ်လုပ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာ သောက်သုံးမှု မြင့်မားလျက်ရှိပြီး နှစ်စဉ် ပြည်တွင်း၌ ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း) နှင့် အထက်ရှိကြောင်း သိရသည်။ ဘီယာ တစ်မျိုးတည်း ထုတ်လုပ်မှု အနေဖြင့်မူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂၀ နီးပါးအထိ ထုတ်လုပ်ခဲ့ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၁၀ လ အတွင်း ထုတ်လုပ်မှုပင်လျှင် ဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါး အထိရှိကြောင်း သိရသည်။

အဆိုပါ ပမာဏမှာ ပြည်တွင်း၌ ထုတ်လုပ်သည့် ပမာဏဖြစ်ပြီး လစဉ် ထုတ်လုပ်သည့် ဘီယာ ဂါလန်ပေါင်းမှာ နှစ်သန်းခွဲကျော်မှ သုံးသန်းခွဲကျော် အထိရှိပြီး ပြည်ပမှ တင်သွင်း ရောင်းချလျက်ရှိသည့် ဘီယာ အမှတ်တံဆိပ် များစွာရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် ဘီယာနှင့် အရက်ချက် စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ၊ စိစစ် ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ် ခွင့်ပြုချက်များအရ ယခုအခါ နိုင်ငံသား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်မည့် ဘီယာကုမ္ပဏီများပါ ဝင်ရောက်လာပြီ ဖြစ်သည်။ အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးပေါ်တွင် အခွန်စည်းကြပ် ကောက်ခံရာတွင် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေပေါ်တွင် လည်းကောင်း ကောက်ခံမည့် အခွန်နှုန်းထားမှာ ၅၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group