မြန်မာအသင်းကစားပုံနှင့် ကျော်ကိုကိုခြေစွမ်းကို မော်လ်ဒိုက်နည်းပြ ချီးကျုး

ပို့စ်တင်ချိန် - 5/21/2014 01:52:00 PM

မြန်မာ - မော်လ်ဒိုက် ဘောလုံးပွဲ

ရဲရင့်ဋ္ဌေး

AFC Challenge Cup ပြိုင်ပွဲအုပ်စုအဖွင့်ပွဲတွင် အိမ်ရှင်မော်လ်ဒိုက်အသင်းကို တစ်ယောက်လျော့ဖြင့် ကစားပြီး ၃-၂ ဂိုး ဖြင့် အနိုင်ကစားနိုင်ခဲ့သော မြန်မာအသင်း၏ ခြေစွမ်းနှင့် တိုက်စစ်မှူးကျော်ကိုကိုအား မော်လ်ဒိုက်နည်းပြ ဒရာဂိုမာမစ်က ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ချီးကျုး ပြောကြားခဲ့သည်။

ယင်းပွဲစဉ်တွင် ပွဲချိန် ၂၂ မိနစ်၌ မြန်မာ အသင်းနောက်ခံလူ သိန်းဇော် နှစ်ဝါတစ်နီ ဖြင့်အထုတ်ခံခဲ့ရပြီး မြန်မာအသင်းမှာ အိမ်ရှင်အသင်းကို ပွဲပြီးဆုံးချိန်အထိ ဆယ်ယောက်ဖြင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်း ခြေစွမ်းနှင့်ပတ်သက်ပြီး မာမစ်က “တစ်ယောက်လျော့သွားတဲ့အချိန်မှာ မြန်မာအသင်းကစားပုံက ပိုပြီး သက်သောင့်သက်သာရှိလာတယ်။ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းမျိုးပါ။ သူတို့ရဲ့ ခြေစွမ်းက အံ့အားသင့်စရာကောင်းပြီး ကျော်ကိုကိုရဲ့ကစားပုံကတော့ အရမ်းကို ကောင်း မွန်ခဲ့ပါတယ်။ မြန်မာအသင်းဟာ နိုင်ပွဲနဲ့ထိုက်တန်တဲ့အသင်းပါ” ဟု ၎င်းကဆိုသည်။

မော်လ်ဒိုက်အသင်း၏ ခရိုအေးရှားလူမျိုး နည်းပြဒရာဂိုမာမစ်မှာ မြန်မာ့လက်ရွေးစင် နည်းပြဟောင်းတစ်ဦးဖြစ်ပြီး မြန်မာကစား သမားများ၏ခြေစွမ်းကို ကြိုတင်သိရှိထား သည်ဟုလည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ မြန်မာအသင်းနိုင်ပွဲနှင့် ပတ်သက်ပြီး အေဗရာမိုဗစ်က “စိတ် လှုပ် ရှားစရာကောင်းပြီး တရားမျှတတဲ့ ပြိုင်ပွဲ တစ်ပွဲပါ။ တစ်ယောက်လျော့နဲ့ ကစားရတဲ့ အနေအထားက တကယ် မလွယ်ပါဘူး။ ကျွန်တော်တို့ ဘောလုံးကစားဖို့ ကြိုးစားခဲ့ပါ တယ်။ နိုင်ပွဲအတွက် ကစားသမား တွေကို ချီးကျုးချင်ပါတယ်” ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

AFC Challenge Cup အုပ်စု(က)အဖွင့်ပွဲတွင် ပါလက်စတိုင်းအသင်းက ကာဇက်စတန်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရ ခဲ့ပြီး မြန်မာအသင်းက မော်လ်ဒိုက်အသင်း ကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် အုပ်စုထိပ် ဆုံးမှ ဦးဆောင်နေသည်။ မြန်မာအသင်းမှာAFC Challenge Cup အုပ်စု ဒုတိယပွဲ အဖြစ် မေလ ၂၁ ရက်တွင် ပါလက်စတိုင်း အသင်းနှင့် မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ နာရီတွင် ကစားရမည် ဖြစ်သည်။

Mizzima Burmese