နည်းပညာ တက္ကသိုလ် ကျောင်းသားလေးဦး နမ့်လပ်ရေတံခွန်တွင် ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 5/21/2014 12:47:00 PM


ကျိုင်းတုံ၊ မေ ၂၀

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ၁၅ မိုင်ခန့်အကွာ နမ့်လပ်ရေလွှဲဆည် အထက်ဘက် နမ့်လပ်ချောင်း ရေတံခွန်တွင် မေလ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ကျိုင်းတုံ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးနှင့် နည်းပညာ တက္ကသိုလ်မှ ကျောင်းသား ခုနစ်ဦးတို့သည် ရေကစားစဉ် နည်းပညာ တက္ကသိုလ် ကျောင်းသားလေးဦး ရေနစ်သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ နည်းပညာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား မောင်ရဲကျော်ကျော်က ပြောကြားသည်။

“ကျောင်းက ဒီနေ့မှ စဖွင့်တာဆိုတော့ သူငယ်ချင်းတွေ စုပြီး ရေတံခွန်မှာ ရေလာကစားကြတာပါ။ မနက် ကိုးနာရီခွဲလောက်မှ အိမ်ကနေစုပြီး ဆိုင်ကယ်လေးစီးနဲ့ ရှစ်ယောက် ထွက်လာခဲ့တယ်။ ရေတံခွန်ကို ၁၁ နာရီခွဲလောက် ရောက်ပြီး ရေကစားကြတယ်။ ရေကစားနေတဲ့ သူငယ်ချင်းတွေကို ဓာတ်ပုံရိုက်မယ်ဆိုပြီး ကုန်းပေါ်တက်လာတုန်း နောက်မှာ ရေနစ်နေကြပြီ။ အခုရေနစ်လို့ ဆုံးသွားတဲ့ လေးယောက်က တစ်ယောက်နဲ့ တစ်ယောက် လက်ချိတ်ရင်းနဲ့ တစ်ပြုံကြီး နစ်သွားတာ” ဟု ၎င်းကဆိုသည်။

လက်ရှိ ရေနစ်သေဆုံးသူ လေးဦးအပြင် ကျန်လေးဦးမှာလည်း ရေမကူးတတ်ကြောင်း၊ သေဆုံးသူလေးဦး ရေနစ်နေစဉ် ကျန်သူများမှာ တတ်နိုင်သမျှ ဆယ်ယူခဲ့သော်လည်း နှာခေါင်းနှင့် ပါးစပ်များ အတွင်းသို့ ရေများ ဝင်ရောက်ကာ အသက်ရှူ မွန်းကျပ်လာသဖြင့် လက်လျှော့၍ ပတ်ဝန်းကျင်သို့ လိုက်လံ အကူအညီ တောင်းခဲ့ရကြောင်း အသက်ရှင် ကျန်ရစ်သူ ကျိုင်းတုံ တက္ကသိုလ်၊ ဘူမိဗေဒ ပထမနှစ်ကျောင်းသား မောင်နေလင်းရှိန်က ပြောကြားသည်။

“အစကတော့ အားလုံးကမ်းစပ်မှာ ရေကစားနေကြတာပဲ။ အခုရေနစ်လို့ ဆုံးသွားတဲ့ လေးယောက်က တစ်ယောက်လက် တစ်ယောက်ချိတ်ပြီး ရေကစား နေရင်းကနေ ရေနက်ထဲရောက်ပြီး နစ်သွားတာ။ သူတို့ တစ်ပြုံကြီး နစ်သွားတာကို လိုက်ဆယ်ရင်းနဲ့ ကျန်တဲ့သူတွေပါ ရေနစ်ကုန်တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့လည်း ရေမွန်းလာလို့ ကုန်းပေါ် တက်ပြေးခဲ့ရတယ်။ ပတ်ဝန်းကျင်ကို အကူအညီ တောင်းရအောင်ကလည်း ကူညီနိုင်တဲ့သူ မရှိလို့ ဖုန်းလိုင်းမိတဲ့ တောင်အောက်ကိုဆင်းပြီး ဖုန်းဆက် အကူအညီ တောင်းရတယ်” ဟု ၎င်းကဆိုသည်။

နည်းပညာ တက္ကသိုလ် ကျောင်းသားများ ရေနစ်သေဆုံးသည့် ယင်းနမ့်လပ်ချောင်း ရေတံခွန်သည် ချောင်းစပ်၌ ရေနက်ခြင်း မရှိသော်လည်း ရေတံခွန် အလယ်ပိုင်းသည် ရေကျဆင်းသည့် အရှိန်ကြောင့် ချောက်များဖြစ်ကာ ၁၅ ပေခန့် နက်ကြောင်းနှင့် ညနေ ၅ နာရီခွဲခန့် အချိန်တွင် သေဆုံးသူ လေးယောက်လုံးကို ဆယ်ယူရရှိခဲ့ကြောင်း ယင်းမြို့နယ် နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်သူအောင်က ပြောကြားသည်။

“အခုရေနစ်လို့ ဆုံးသွားတဲ့ ကလေးတွေက အနေအေးပြီး အသောက်အစားလည်း မရှိလို့ အိမ်ထဲက အိမ်ပြင်တောင် ထွက်တာမဟုတ်ဘူး။ ဘာလို့ လူသူဝေးပြီး ဘယ်သူမှ မရောက်တဲ့ ရေတံခွန်ကို လာကြလဲ မသိဘူး။ လမ်းက ဒီလောက်ဆိုးပြီး တောင်ကုန်းအမြင့်ပေါ်မှာ ရှိတာကို လာကြတာ အံ့သြတယ်။ ကိုယ်တွေတောင် သတင်းကြားရလို့ လာကြည့်တာ ဆိုင်ကယ်ကို မနည်းထိန်းစီးရလို့ နှစ်နာရီလောက် မောင်းရတယ်” ဟု သေဆုံးသူ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အသက် ၅၀ နှစ်ခန့် အမျိုးသားတစ်ဦးက ဆိုသည်။

ရေနစ်သေဆုံးသူ နည်းပညာ တက္ကသိုလ် ကျောင်းသားများမှာ တတိယနှစ် (MP) ကျောင်းသား မောင်အောင်ပြည့်ကျော်နှင့် မောင်ငြိမ်းချမ်းပိုင်၊ တတိယနှစ် (Civil) ကျောင်းသား မောင်အောင်ကျော်ဖြိုး၊ ဒုတိယနှစ် (MP) ကျောင်းသား မောင်သီဟစိုး 2nd Year တို့ဖြစ်ပြီး ယင်းသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၄ အရ စစ်ဆေးလျက် ရှိကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly