အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD နှင့် ၈၈ နေပြည်တော်တွင် လူထုဆန္ဒ ကောက်ယူမည်

ပို့စ်တင်ချိန် - 5/21/2014 12:49:00 PM


ရန်ကုန်၊ မေ ၁၉

အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဟောပြောပွဲနှင့် လူထုဆန္ဒ ကောက်ယူပွဲတစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက် ဟောပြောမည် ဖြစ်ကြောင်း၊ အဆိုပါပုဒ်မ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ လက်မှတ်များ ကောက်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီလ ၂၇ ရက်နေ့လို့ ရွေးထားပါတယ်။ နှစ်ဖက် သေချာမယ့် အချိန် ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ နေပြည်တော်ကောင်စီ နယ်မြေတွင် ပြုလုပ်မည့် ဟောပြောပွဲနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက ပြောကြားသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေလ ပထမပတ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပူးတွဲ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ဆက်တိုက် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် မေလ ၂၂ ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံအနှံ့တွင် ဟောပြောပွဲများကို ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အခြေခံဥပဒေကို ပြင်ဆင်ပါက ပြင်ဆင်ခြင်း အခန်း (၁၂) အတိုင်း ပြင်ဆင်ရန်နှင့် နိုင်ငံတော် အချုပ်အခြာ အဏာကို မထိခိုက်ဘဲ ဥပဒေဘောင် အတွင်းမှ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အခြေခံဥပဒေကို ဆက်လက် တည်ရှိစေလိုသော သဘောထားရှိကြောင်း မေလ ၁၇ ရက်နေ့တွင် ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောကြားထားသည်။

The Voice Weekly