ဖွဲ့စည်းပုံပြင်ဆင်ရေး NLD နဲ့ ၈၈မျိုးဆက်ကို ဘယ်လိုပူးပေါင်းမလဲ

ပို့စ်တင်ချိန် - 5/11/2014 10:20:00 AM


NLD နဲ့ ၈၈မျိုးဆက်တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ဖို့ လှုပ်ရှားမှုတွေမှာ ဘယ်လိုပူးပေါင်းနိုင်မလဲဆိုတာ နည်းလမ်းတွေရှာဖို့အတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြည်သူ့ကွန်ရက်က ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့ အာဏာပိုင်တွေ ခေါင်းမာနေရင် ဘယ်လိုလုပ်ကြမလဲ။

အစိုးရဖြစ်စေ၊ မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ သဘောထားတင်းမာနေရင်လည်း ပြည်သူလူထုအားနဲ့ ဝိုင်းပြီးတွန်းအားပေးရမှာဖြစ်တယ်လို့ NLD နဲ့ ၈၈မျိုးဆက်ရဲ့ လုပ်ဆောင်ချက်တွေကို မူအရ ထောက်ခံပြီးသားဖြစ်တယ်လို့ ကိုထွန်းကြည်က ဆိုပါတယ်။

သင်္ဃန်းကျွန်း ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ပြည်သူ့ကွန်ရက်အဖွဲ့ဝင်တွေက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းကို ကျော်လွှားဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံကို မမြင်ဖူး။ မကြားဖူးတဲ့ အရပ်ဒေသက ပြည်သူတွေကို ဥပဒေပါစကားလုံးတွေ နားလည်အောင် မနည်းရှင်းပြနေရတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် ဒေသခံတွေက ပြင်ဆင်တာထက် အသစ်ရေးတာကို ပိုပြီးအားသန်တယ်လို့ ဆိုပါတယ်။

လက်ရှိဖွဲ့စည်းပုံဟာ စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေတယ်လို့ ပြည်သူတွေ နားလည်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကို ပြည်သူတွေလိုက်ပါပြီး ပြင်ဆင်ရေးကို ဦးစားပေးသင့်တယ်လို့ ကိုမျိုးရန်နောင်သိမ်းက ဆိုပါတယ်။ ပုဒ်မ ၄၃၆အတိုင်း ဖွဲ့စည်းပုံပြင်ရမယ်လို့ စစ်တပ်က သဘောထားရင် ဒါဟာ အသွင်ကူးပြောင်းရေးမှာ အန္တရာယ်ရှိသလို၊ အပြုသဘောမဆောင်ဘူးလို့ ဆိုပါတယ်။

Kamayut Media