ဝက်သားကောက်ညှင်းချက်

ပို့စ်တင်ချိန် - 6/07/2014 11:48:00 AM




ဝက်သားသုံးထပ်သားကို ရေစင်အောင်ဆေးပြီ ပါးပါးလှီးကာ ဆား၊ ခရုဆီ၊ ပဲငံပြာရည်အပျစ်၊သကြား အနည်းငယ်ဆီတို့ ကို ထည့်နယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။ မှိုခြောက်အနည်ငယ်ကို ရေစိမ်ထားပေးပါ။ ကြက်သွန်ဖြူကို ပါးပါးလှီး၍ ဆီအနည်းငယ်ဖြင့် ဆီသတ်ကာ နှပ်ထားသောဝက်သားများကို ထည့်ပြီးမွှေပေးပါ။ ၀က်သားများကို အဆက်မပြတ်မွှေကာ ၀က်သားများ ကျစ်ပြီးတင်းလာလျှင် စိမ်ထားသောမှိုခြောက်များကို အနေတော်အရွယ်လေးများ ညှပ်ကာထည့်ပေးပါ။ မှိုခြောက်များနှင့် နှံ့ အောင်မွှေပြီး အသားနူးလျှင် အပေါ့အငံမြည်းကာ ဝက်သားကောက်ညှင်းချက်ရန်အတွက် အသင့်ဖြစ်ပါပြီ။ ကောက်ညှင်းဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲသို့ ရေလက်တဆစ် ထည့်ကာချက်ထားသော ၀က်သားများကို အိုးထဲသို့ ထည့် ပါ။ ၀က်အူချောင်း နှင့် ဆေးဘဲဥတို့ကို အနေတော်အရွယ် လှီးကာ အိုးထဲသို့ ထည့်ပါ။ ပုစွန်ခြောက် အနည်းငယ်ကို အိုးထဲသို့ ထည့်ပါ။ သကြားနှင့်ဆားအနည်းငယ်ထည့်ကာ နှံ့ အောင်မွှေပြီး တည်ထားပေးပါ။ ကောက်ညှင်းအိုးကျက်လာလျှင် အပေါ့အငံမြည်းကာ ငရုပ်ဆီအချဉ်နှင့် တွဲဖက်၍ အရသာရှိသော ဝက်သားကောက်ညှင်းချက်လေး သုံးဆောင်လို့ ရပါပြီရှင်။

ဝက်သားကောက်ညှင်းချက်တွင် ပါဝင်သည့် အချိုးအစား

ကောက်ညှင်းဆန် ၂ လုံး
ဝက်သားသုံးထပ်သား ၁၅ ကျပ်သား
ပုဇွန်ခြောက် ထမင်းစားဇွန်း ၃ ဇွန်း
ဝက်အူချောင်း ၂ ချောင်း
ဆေးဘဲဥ ၁ လုံး (သို့) ၂ လုံး
မှိုခြောက် ၅ ပွင့်
ကြက်သွန်ဖြူ ၁ လုံး
ခရုဆီ ထမင်းစားဇွန်း ၂ ဇွန်း
ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း ၁ ဇွန်း
ဆီ ထမင်းစားဇွန်း ၂ ဇွန်း
သကြား ထမင်းစားဇွန်း ၂ ဇွန်း
ဆား အနည်းငယ်
ငရုပ်ဆီအချဉ် အသင့်အတင့်

ဒေါ်ပု လက်ရာ