ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနှင့် လွဲချော်နိုင်ကြောင်း ခန့်မှန်းမှုများကို ဗန်ပါစီပယ်ချ

ပို့စ်တင်ချိန် - 6/07/2014 11:53:00 AM


ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့သည့်နောက် ကမ္ဘာ့ဖလားတွင် ပါဝင်နိုင်ရန် မရေမရာ ဖြစ်နေသည်ဆိုသော သတင်းများကို ရော်ဘင်ဗန်ပါစီက ငြင်းပယ်သွားခဲ့သည်။

ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွင် နယ်သာလန် အသင်းသည် အမ်စတာဒမ်တွင် ဝေလကို (၂-၀)ဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အနေဖြင့် အိမ်ရှင်နိုင်ငံအတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ကစားသွားသော်လည်း ဒုတိယပိုင်းတွင်မူ ကွင်းအတွင်းသို့ ဝင်ရောက်မလာတော့ချေ။ ဗန်ပါစီသည် ပထမပိုင်းတွင် အာယန်ရော်ဘန် ဂိုးသွင်းနိုင်အောင် ကူညီပံ့ပိုးပေးပြီးနောက် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့သည်။ ၎င်းသည် ပေါင်ခြံထိခိုက်သွားဟန်ရှိပြီး ပထမပိုင်းအပြီးတွင် ဥမင်ထဲသို့ မျက်နှာရှုံ့မဲ့ရင်း ဝင်ရောက်သွားခဲ့ကာ ဒုတိယပိုင်းတွင်လည်း အသင်း၌ ပါဝင်မကစားနိုင်တော့ချေ။

ထို့ကြောင့် ပရိသတ်များက ဗန်ပါစီ၏ ဒဏ်ရာနှင့် ပတ်သက်ပြီး သို့လောသို့လော စိုးရိမ်နေကြရာ ကစားသမားက ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း ဖြေရှင်းလာခြင်း ဖြစ်သည်။ “ဒဏ်ရာကြီးကြီးမားမား ရထားလို့ ဒုတိယပိုင်း ဝင်မကစားတာ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုခုကို သတိထားပြီး ကာကွယ်လိုက်တဲ့ သဘောပါ”ဟု ဗန်ပါစီက ဆိုသည်။ အသင်းနည်းပြ လူးဝစ်ဗန်ဂါးလ်ကလည်း “ဗန်ပါစီက ဒဏ်ရာ အသေးစားလေး ရထားခဲ့တယ်လေ။ ဒါကြောင့် အခြေအနေ ပိုဆိုးသွားတာမျိုး ဖြစ်လောက်အောင် မစွန့်စားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒုတိယပိုင်းမှာ သူဝင်ကစားရင် ဒဏ်ရာ ပိုဆိုးသွားတာမျိုး ဗန်ပါစီကလည်း မဖြစ်စေချင်ဘူး။ သူ့ရွေးချယ်မှု မှန်ကန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပွဲက အရမ်း အရေးကြီးတာမှ မဟုတ်တာ။ ဒါကြောင့် မစွန့်စားသင့်ပါဘူး။ ဒီပွဲမှာ ပထမဂိုးအတွက် ဗန်ပါစီ ဖန်တီးပေးပုံကတော့ ချီးကျူးစရာပါပဲ”ဟု ပြောကြားသွားသည်။

ဗန်ဂါးလ်က ယခုပွဲတွင် ဒဏ်ရာအနည်းငယ် ရှိနေသဖြင့် ကွင်းလယ်လူ ဂျိုနသန် ဒီဂါ့ဇ်မန်းကို မသုံးဖြစ်ခဲ့ခြင်းဟုလည်း ရှင်းပြခဲ့သည်။ “ဒီဂါ့ဇ်မန်းက ပေါင်ခြံနည်းနည်း နာနေတယ်။ ဒီနေ့မှ ဒဏ်ရာကို Scanစစ်ထားတာပါ။ ကြီးကြီးမားမား ဒဏ်ရာမျိုးတော့ ဟုတ်ပုံမရဘူး။ ဒါကြောင့်သူ့ကို ကျွန်တော် ဘရာဇီးလ်ထိ ခေါ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမဆုံးပွဲမှာ ဝင်ကစားဖို့တော့ သိပ်မသေချာဘူး”ဟု ဗန်ဂါးလ်က မှတ်ချက်ပြုသွားသည်။

Ref:skysport
soccer myanmar