ကာချုပ်အမိန့်ဖြင့်ပြန်ပေးထားသော လယ်မြေဧက နှစ်သောင်းကျော် ပိုင်ဆိုင်ခွင့် မှတ်ပုံတင်မရသေး

ပို့စ်တင်ချိန် - 6/07/2014 10:18:00 AM


 အောင်လံ၊ မဇ္ဈိမ။            ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်ဖြင့် ပြန်ပေးထားသော လယ်ယာမြေဧက နှစ်သောင်းကျော်အား  လယ်ယာ ပိုင်ဆိုင်ခွင့် မှတ်ပုံတင်ပုံစံ (၇) ရရှိရေးအတွက်  ဇွန်လ ၆ ရက်က အောင်လံမြို့ပေါ်တွင် လယ်သမား (၁၅ဝ)ကျော် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့သည်။

၁၉၉၉ခုနှစ်တွင် အောင်လံမြို့နယ်တွင် ကပစ (၁၅) စစ်တပ် စစ်လက်နက်ပစ္စည်း စက်ရုံတည်ဆောက်ရန် အတွက် အောင်လံမြို့နယ်ရှိ ကျေးရွာ(၁၄)ရွာမှ လယ်သမား (၂ဝဝဝ) ကျော်ပိုင်သော လိပ်တုတ်ကွင်း၊ ညောင်ထောက်ပင် ကွင်း၊ ဂွညောင်မြောက်ကွင်း၊ လူးကြီးပြင်ကွင်းရှိ လယ်ယာမြေများကို သိမ်းယူခဲ့သည်။

“မြို့နယ်မြေစာရင်းမှာလည်း လျှောက်တယ်။ ခရိုင်မြေစာရင်းရုံးမှာလည်း လျှောက်တယ်။ မရဘူး။ တပ်ပိုင်မြေ လုပ်ပေးခွင့် မရှိဘူးလို့ဘဲပြောတယ်။ အထက်အဆင့်ဆင့်ကိုလည်းတင်တယ်။ မရဘူး"ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ဦးမင်းနိုင်ဦးက ပြောသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့တွင် လယ်ယာမြေဧက(၂၃၆၇ဝ) ကိုကာကွယ်ရေးဦးစီးချုပ် အမိန့်ဖြင့် မူလလယ်သမားများအား လုပ်ကိုင်ခွင့်ပြန်လည်ချထားပေးခဲ့သော်လည်း လယ်ယာပိုင်ဆိုင်ခွင့် မှတ်ပုံတင် ပုံစံ (၇)လျောက်ထား မရသည့်အတွက် ဆန္ဒပြတောင်းဆို ကြခြင်းဖြစ်သည်။

စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရာတွင် လယ်ယာမြေပိုင်ဆိုင်ခွင့် မှတ်ပုံတင် ပုံစံ(၇)လိုအပ်သဖြင့် အမြန်ဆုံး ရရှိစေလိုကြောင်း ဆန္ဒပြလယ်သမားများက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တရားဝင် ခွင့်ပြုချက်မပေးခဲ့ပေ။ ဆန္ဒပြသူများက  “ပုံစံ(၇)ရရှိရေး ဒို့အရေး ဒို့အရေး"၊ “မြို့နယ်အုပ်ချုပ်ရေးမှူး အလိုမရှိ အလိုမရှိ”၊ “ခရိုင် အုပ်ချုပ်ရေးမှူး အလိုမရှိ အလိုမရှိ”၊ “မြို့နယ်မြေ စာရင်း ဦးစီးမှူးအလိုမရှိ အလိုမရှိ၊ နှင့် “ခရိုင်မြေစာရင်းဦးစီးမှူး အလိုမရှိ အလိုမရှိ” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

ရေခဲ(ပြည်)
Mizzima burmese