ရှေးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း

ပို့စ်တင်ချိန် - 6/07/2014 07:11:00 PM


နောင် ရန်ကုန်ကောလိပ်ဖြစ်လာခဲ့သည့် ပထမဆုံးအစိုးရ ဟိုက်စကူးကျောင်း
တက္ကသိုလ်ဝင်တန်းကို ဒသမတန်း (၁၀ တန်း)အဖြစ် ယေဘုယျအားဖြင့် သတ်မှတ်ထားကြသည်။ ရှေးခေတ်အခါကမူ ဒသမအဆင့်ဟု ခေါ်ဆိုကြ၏။

ကိုလိုနီခေတ်ဦးကာလ အထက်တန်းကျောင်းများ

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက် ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်း (Government High School) ကို ယခု လသာ အထက(၁)နေရာ၌ ၁၈၇၄ ခုနှစ် မတ် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုခေတ်ကာလက မြန်မာတစ်နိုင်ငံလုံးတွင် အစိုးရ အထက်တန်းကျောင်းဟူ၍ စစ်တွေတွင် တစ်ကျောင်း၊ မော်လမြိုင်တွင် တစ်ကျောင်းသာ ရှိသေးပြီး ခရစ်ယာန်သာသနာပြု ကျောင်းအချို့မှာမူ ဖွင့်လှစ်ထားပြီးဖြစ်သည်။

ခရစ်ယာန်သာသနာပြု ကျောင်းများတွင် ဗုဒ္ဓဘာသာဝင် မြန်မာကျောင်းသားကျောင်းသူ အများအပြား တက်ရောက်ပညာ သင်ယူခဲ့ကြသည်။ ၁၉၀၅ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်ခဲ့သူ မမြရွှေ (နောင်ပညာဝန်ထောက်) မှာ စိန်မေရီ ဒိုင်အိုခရစ်ယာန် အမျိုးသမီးကျောင်းသို့ ပထမဆုံး တက်ရောက်ခဲ့သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးဖြစ်သည်။

ကာလကတ္တားတက္ကသိုလ်သို့

ထိုခေတ်ကာလက ၁၀ တန်းအောင်မြင်သူများအဖို့ အိန္ဒိယနိုင်ငံ ကာလကတ္တားနှင့် မဒရပ်တို့သို့ သွားရောက်ကာ ပညာဆက်လက် ဆည်းပူးကြရသည်။ အက်(ဖ်)အေ (First Arts) စာမေးပွဲ (ဥပစာတန်း) အောင်မြင်ပြီးပါက ဘီအေဒီဂရီအတွက် ဆက်လက်ဖြေဆိုနိုင်ကြသည်။ ဗြိတိသျှအုပ်ချုပ်မှု လက်အောက်တွင် ပညာတတ်များ လစာကောင်းကြသဖြင့် အခြေခံဖြစ်သော ၁၀ တန်းစာမေးပွဲ အောင်မြင်ရေးအတွက် ကြိုးပမ်းကြသည်။

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကာလ ၁၀ တန်း အောင်မြင်ခဲ့ကြသူများထဲတွင် နောင်နယ်ပယ်အသီးသီး၌ ထင်ရှားသော ပုဂ္ဂိုလ်များ အများအပြား ပါဝင်ခဲ့ကြပါသည်။ ထင်ရှားသူအချို့မှာ မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီး (၁၈၈၄)၊ ယစ်မျိုးမင်း ကြီးဦးရွှေစံအောင် (၁၈၈၇)၊ ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင် (၁၈၉၄)၊ ဘကြီးဘဘေ (၁၉၀၂)၊ ဆာမောင်ကြီး (၁၉၀၂)၊ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦး (၁၉၀၅)၊ မြို့မကျောင်းအုပ်ကြီး ဦးဘလွင် (၁၉၁၁) စသူတို့ ဖြစ် . . . . .
သို့သော် ၁၈၈၁ ခုနှစ်တွင် လက်ရှိအစိုးရ အထက်တန်းကျောင်း၌ပင် တက္ကသိုလ်သင်တန်းများကို ရှိရင်းစွဲ ဆရာများဖြင့် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ၁၈၈၃ ခုနှစ် မတ် ၁ ရက်တွင် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ပထမတန်း ဘီအေဒီဂရီကောလိပ်အဖြစ် အသိအမှတ်ပြုခဲ့သည်။

နှစ် ၁၃၀ ကျော်က တက္ကသိုလ်ဝင်တန်းအောင်စာရင်း

လွန်ခဲ့သည့် နှစ် ၁၃၀ ကျော်ဝန်းကျင်ကာလ (၁၈၈၀-၁၈၈၅) အတွင်း အောက်မြန်မာနိုင်ငံ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းမှာ အရေအတွက် အလွန်နည်းပါးလှသည်။ (၁၈၈၀-၈၁) တွင် အောင်မြင်သူ ခြောက်ယောက်၊ (၁၈၈၁-၈၂) တွင် ၁၂ ယောက်၊ (၁၈၈၂-၈၃) တွင် ၁၆ ယောက်၊ (၁၈၈၃-၈၄) တွင် ၁၅ ယောက်၊ (၁၈၈၄-၈၅) တွင် ၁၃ ယောက်၊ (၁၈၈၅-၈၆)တွင် ၂၃ ယောက်ဟူ၍ လေ့လာတွေ့ရှိ ရပါသည်။

(၁၈၈၅-၈၆) ခုနှစ်တွင် ကျင်းပခဲ့သည့် ကာလကတ္တားတက္ကသိုလ် ၀င်ခွင့်စာမေးပွဲတွင် ရန်ကုန်ကွန်ဗင့်ကျောင်းမှ အမျိုးသမီးသုံးဦး အောင်မြင်ခဲ့ရာ ပထမဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်သော အမျိုးသမီးများ ဖြစ်လာခဲ့ကြသည်။

နှစ်တစ်ရာကျော်က ၁၀ တန်းအောင်ခဲ့ကြသူများ

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကာလ ၁၀ တန်း အောင်မြင်ခဲ့ကြသူများထဲတွင် နောင်နယ်ပယ်အသီးသီး၌ ထင်ရှားသော ပုဂ္ဂိုလ်များ အများအပြား ပါဝင်ခဲ့ကြပါသည်။ ထင်ရှားသူအချို့မှာ မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီး (၁၈၈၄)၊ ယစ်မျိုးမင်း ကြီးဦးရွှေစံအောင် (၁၈၈၇)၊ ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင် (၁၈၉၄)၊ ဘကြီးဘဘေ (၁၉၀၂)၊ ဆာမောင်ကြီး (၁၉၀၂)၊ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦး (၁၉၀၅)၊ မြို့မကျောင်းအုပ်ကြီး ဦးဘလွင် (၁၉၁၁) စသူတို့ ဖြစ်ကြသည်။

ထူးချွန်သူများ

တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများလည်း အများအပြား ရှိကြသည်။ ၁၉၀၉ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်း (ယခု ဗိုလ်တထောင်အထက ၆) မှ ၁၀ တန်းအောင်မြင်ခဲ့သူ မောင်ဟုတ်စိန် (ပါဠိမြန်မာ အဘိဓာန်ကျမ်းပြု ဦးဟုတ်စိန်) မှာ မြန်မာတစ်နိုင်ငံလုံး ပထမစွဲခဲ့သူ ဖြစ်သည်။ (နောင် ဆွေစဉ်မျိုးဆက် လေးဆက်တိုင်လည်း ပထမစွဲခဲ့ပါသည်။)

၁၉၂၁ ခုနှစ်တွင် ၁၀ တန်းအောင်မြင်ခဲ့သော ဒေါ်မြစိန်သည် အင်္ဂလိပ်၊ မြန်မာ၊ အပိုသင်္ချာ၊ ရာဇ၀င်၊ သင်္ချာ၊ အိမ်တွင်းမှုသိပ္ပံ ဘာသာခြောက်မျိုးစလုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၂၈ ခုနှစ်တွင် ရေနံချောင်းမြို့ အမျိုးသားကျောင်းသို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ၁၀ တန်းတက်ရသည်။ ထိုခေတ်က အတန်းအစဉ်လိုက် တက်ရခြင်းမျိုးထက် စာတော်လျှင်တော်သလို အတန်းကျော်တက်ရသည့် စနစ်မျိုး ရှိခဲ့သည်။ ခုနစ်တန်း စာမေးပွဲနှင့် ၁၀ တန်းစာမေးပွဲများမှာ အစိုးရစစ် စာမေးပွဲများဖြစ်ပြီး အရေးပါလှသည်။ ၁၉၃၂ ခုနှစ်တွင် ကိုအောင်ဆန်း မြန်မာ၊ ပါဠိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် ၁၀ တန်းအောင်မြင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းအောင်လက်မှတ်တွင် မွေးနေ့ရက်စွဲကို (၁၃-၂-၁၉၁၅) ဟု ရေးသွင်းရမည့်အစား (၁၂- ၃-၁၉၁၆) ဟု မှားယွင်းဖော်ပြထားသည်ကို တွေ့ရပါသည်။

ကိုလိုနီခေတ်အောင်စာရင်း

ကိုလိုနီခေတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ထိုခေတ်ကာလ နာမည်ကျော် သတင်းစာများ၌ ထည့်သွင်းဖော်ပြလေ့ ရှိပါသည်။ (၁၅-၅-၁၉၃၅) ရက်စွဲပါ သူရိယသတင်းစာတွင် “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲ အောင်စာရင်း” ခေါင်းစဉ်ဖြင့် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ အစပြုလျက် မြန်မာပြည်အရပ်ရပ် အထက်တန်းကျောင်းများမှ အောင်စာရင်းကို ဖော်ပြထားပါသည်။

၁၉၃၅ ခုနှစ် ကောက်နုတ်ချက်

၁၀ တန်းစာမေးပွဲ ကောက်နုတ်ချက်စာရင်း၌ “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲ အောင်စာရင်းကို ဤသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ စာမေးပွဲ ၀င်ရောက်ဖြေဆိုသူပေါင်းမှာ ၃၂၅၃ ယောက်ရှိကြောင်း၊ ၎င်းအနက် ၁၂၅၀ အောင်မြင်သည့်အနက် ၈၅၀ သာ ကောလိပ်ကျောင်းသို့ဝင်ရန် စာမေးပွဲစစ်ဆေးရေးအဖွဲ့က ထောက်ခံချက်ပေးကြောင်း” ဟူ၍ ဖော်ပြထားပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းအောင်လက်မှတ်

“၁၀ တန်းတွင် ၀င်ရောက်ဖြေဆိုသော မိန်းမကလေးပေါင်း” ခေါင်းစဉ်ဖြင့် ဆက်လက်ဖော်ပြရာ၌ “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသော မိန်းမကလေးပေါင်း ၄၄၇ ယောက်ရှိကြောင်း၊ ၄၄၇ ယောက်အနက် ၁၉၉ ယောက် အောင်မြင်ကြောင်း၊ ၁၃၆ ယောက် သိပ္ပံကျောင်းသို့ ၀င်ရန်ခွင့်ပြုထားကြောင်း” ဟု တွေ့ရ၏။ ထို့ပြင် “ဦးပဉ္စင်းတစ်ပါးသာ အောင်သည်” ခေါင်းစဉ်ငယ်အောက်၌လည်း “ဦးပဉ္စင်းငါးပါး ၀င်ရောက်ဖြေဆိုသည့်အနက် တစ်ပါးအောင်မြင်ကြောင်း၊ အသက် ၄၁ ရှိ ကရင်လူမျိုးတစ်ယောက် ဖြေဆိုရာ စာမေးပွဲတွင် ကျဆုံးကြောင်း” ဟူ၍ တွေ့ရှိရသည်။

ကက် (စ်) ဘီခေတ် အောင်စာရင်း

ဂျပန်ခေတ်တစ်လျှောက် ၁၀ တန်းစာမေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ဗြိတိသျှ စစ်ပြေးအစိုးရ ပြန်လည်ဝင်ရောက်လာချိန်မှ စ၍ ၁၀ တန်းစာမေးပွဲများ ပြန်လည်ကျင်းပခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ၁၀ တန်းဖြေဆိုသူ ၁၁၆၇ ဦးအနက် ၅၃၈ ဦး အောင်မြင်ခဲ့ရာ ၄၆ ဒသမ ၁ ရာခိုင်နှုန်း အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ၁၉၄၇ ခုနှစ်တွင် ဖြေဆိုသူ ၃၈၉၆ ဦးရှိလာပြီး ၁၂၁၄ ဦးသာ အောင်မြင်ခဲ့ရာ ၃၁ ဒသမ ၁ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

ပါလီမန်ခေတ် အောင်စာရင်း

လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ခေတ်သို့ ရောက်သောအခါ ၁၀ တန်းဖြေဆိုသူ အရေအတွက် တိုးတက်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ၁၀ တန်းဖြေဆိုသူ ၃၉၂၆ ဦးအနက် ၈၆၇ ဦး အောင်မြင်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ၀၉ ဖြစ်ပါသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် ဖြေဆိုသူ ၃၆၁၁ ဦးသာရှိခဲ့ပြီး ၈၀၁ ဦး အောင်မြင်ခဲ့သည်။ ၂၂ ဒသမ ၁၉ ရာခိုင်နှုန်း အောင်မြင်ပါသည်။

၁၉၅၀ ပြည့်နှစ်နောက်ပိုင်း နယ်မြေအေးချမ်းသွားပြီးနောက် ၁၀ တန်းဖြေဆိုသူ အရေအတွက် များပြားလာခဲ့သည်။ သို့သော် အောင်မြင်သူက ရာခိုင်နှုန်း နည်းပါးလှပါသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဖြေဆိုသူ ၅၁၁၉ ဦးအနက် အောင်မြင်သူ ၉၉၄ ဦး (၁၉ ဒသမ ၄ ရာခိုင်နှုန်း)၊ ၁၉၅၁ ခုနှစ်တွင် ဖြေဆိုသူ ၈၈၀၄ ဦးအနက် အောင်မြင်သူ ၁၇၀၁ ဦး (၁၉ ဒသမ ၃ ရာခိုင်နှုန်း)၊ ၁၉၅၂ ခုနှစ်တွင် ဖြေဆိုသူ ၁၃၀၄၅ ဦးအနက် အောင်မြင်သူ ၁၉၃၈ ဦး (၁၄ ဒသမ ၈၅ ရာခိုင်နှုန်း) ရှိခဲ့သည်။ ထို့နောက် ၁၉၅၃ ခုနှစ်တွင် ၂၃ ဒသမ ၀၇၊ ၁၉၅၄ ခုနှစ်တွင် ၁၈ ဒသမ ၅၅၊ ၁၉၅၅ ခုနှစ်တွင် ၁၁ ဒသမ ၆၄၊ ၁၉၅၆ ခုနှစ်တွင် ၁၆ ဒသမ ၆၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။

ကိုယ်ပိုင်ကျောင်းများဖျက်သိမ်းခြင်း

ကိုလိုနီခေတ်၊ ပါလီမန်ခေတ် တစ်လျှောက်တွင် အလွတ်ပညာသင် ကိုယ်ပိုင်ကျောင်း အများအပြား ပေါ်ပေါက်ခဲ့သည်။ နှစ်စဉ် ယင်းကျောင်းများမှ ၁၀ တန်း ၀င်ရောက်ဖြေဆိုကြသူများလည်း အများအပြား ရှိခဲ့ကြသည်။ တော်လှန်ရေးကောင်စီ တက်စကာလတွင် ကိုယ်ပိုင်ကျောင်း ၁၂၉ ကျောင်းရှိခဲ့ရာ ယင်းကျောင်းများအားလုံးကို ၁၉၆၅ ဧပြီ ၁ ရက်တွင် ဖျက်သိမ်းခဲ့သည်။

ကျမ်းကိုး
၁။ မြို့တော်တစ်ခွင်အတိတ်ဖြစ်စဉ် (တက္ကသိုလ်ခင်မောင်ဇော်)
၂။ သူရိယသတင်းစာ (၁၅-၅-၁၉၃၅)
၃။ တက္ကသိုလ်ဝင်အောင်မြင်သူများ (မိုးဂျာနယ်၊ ၂၀၀၆ မေ)

News Eleven