ရန်ကုန်ပြန်ရောက်လာတဲ့ မေမြတ်နိုး အလှတရားအကြောင်း ဘာပြောသွားလဲ

ပို့စ်တင်ချိန် - 6/07/2014 10:26:00 AM


တောင်ကိုရီးယားမှာကျင်းပတဲ့ Asia Pacific World 2014 အလှမယ်ပြိုင်ပွဲမှာ သရဖူရသွားတဲ့ မေမြတ်နိုးတစ်ယောက် ရန်ကုန်ကို ဇွန် ၅ရက်နေ့ညက ပြန်ရောက်လာပါပြီ။ အလှမယ်တစ်ယောက်မှာ ဘယ်အလှတရားက အရေးကြီးတယ်လို့ ပြောသွားလဲ။

အပြင်ပန်းအလှက အရေးပါတယ်လို့ ဆိုပေမယ့် တကယ်တမ်းကျတော့ အတွင်းစိတ်က လှဖို့ပိုအရေးကြီးတယ်၊ အတွင်းစိတ်အလှကြီးမားရင် မျက်နှာမှာ နှစ်လိုဖွယ်ဖြစ်တာကြောင့် အပြင်ပန်းအလှကို ဖော်ထုတ်တတ်ဖို့ လိုပါတယ်လို့ ရန်ကုန်လေဆိပ်ရောက်ရောက်ချင်း ကမာရွတ်ကို ပြောဆိုခဲ့ပါတယ်။

ကိုရီးယား ဇာတ်လမ်းတွဲနဲ့ K-Pop အနုပညာလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ၃နှစ်စာချုပ် ချုပ်ခဲ့တဲ့ မေမြတ်နိုးက မြန်မာနိုင်ငံမှာ လူမှုအကျိုးပြုလုပ်ငန်းဖြစ်တဲ့ ကလေးတွေကို စာသင်တဲ့ ပရဟိတတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

မေမြတ်နိုး သရဖူဆုရ အလှမယ်ဖြစ်အောင် အသားအရေကအစ ကျစ်လစ်ပြီး သွယ်လျအောင် စနစ်တကျ ကြိုးစားခဲ့သလို ပြည်တွင်းပြည်ပက မြန်မာပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဒီလို သရဖူဆုကို ရခဲ့တာပါလို့ National Director ဒေါ်လှနုထွန်းက ဆိုပါတယ်။

အလှမယ် မေမြတ်နိုး ဒီလို Title ဆုကို ရယူနိုင်တာဟာ တော်ရုံအရည်အချင်းနဲ့မဟုတ်ဘဲ အပြင်းအထန် ကြိုးစားခဲ့လို့ ထိုက်ထိုက်တန်တန် ရခဲ့တာပါလို့ Asia New Star Model Award 2013 ဆုရှင် ထွန်းကိုကိုက ဆိုပါတယ်။

မေမြတ်နိုးဟာ နိုင်ငံတကာ အလှမယ် ၄ဝကျော်ကို ကျော်ဖြတ်ပြီး သရဖူရခဲ့တဲ့အပြင် Talent Show မှာလည်း Popularity Award ဆုနဲ့ Online Voting အများဆုံးရတဲ့ Missosology Award တွေကိုလည်း ရရှိခဲ့ပါတယ်။

Kamayut Media