လားရှိုးတွင် ဘုရားဆင်းတုကို ထဘီအတွင်း ထည့်ယူသဖြင့် ထောင် ၂ နှစ် ပြစ်ဒဏ်ချ

ပို့စ်တင်ချိန် - 6/07/2014 05:26:00 PM




လားရှိုး၊ ဇွန် ၆

ရှမ်းပြည်နယ် လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးက ဘုရားဆင်းတုတော်ကို ထဘီအတွင်း ထည့်ကာ ယူဆောင်သဖြင့် ဘာသာသာသနာကို စော်ကားမှုဖြင့် ဇွန်လ ၆ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး တင်ဖေဝင်းက ပြောကြားသည်။

ဒေါ်ရီရီအောင် အမည်ရ အဆိုပါ အမျိုးသမီးသည် ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လားရှိုးမြို့နှင့် ၂ မိုင်ခန့်အကွာ ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်း ရပ်ကွက်ရှိ ဗောဓိညောင်ပင်တွင် ကိုးကွယ်ထားသော ဉာဏ်တော် ခြောက်လက်မခန့် သစ်သား ရုပ်ပွားတော်ကို ထဘီအတွင်း ထည့်၍ ယူဆောင်ခဲ့ကြောင်း နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်စန်းယုက ဆိုသည်။

ယင်းလုပ်ရပ်ကို တစ်ရွာတည်းနေ ဒေါ်အေးမူနှင့် ဒေါ်နှင်းဆိုသူ နှစ်ဦးက မြင်တွေ့သွား၍ ရုပ်ပွားတော်အား ပြန်လည်လုယူကာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့သို့ အကြောင်းကြားကာ ဒေါ်ရီရီအောင်ကို ဝိုင်းဝန်းဖမ်းဆီးပြီး နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စကြောင့် ပဋိပက္ခများ မဖြစ်ပွားစေရန် လုံခြုံရေးတိုးမြှင့် ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ရာ နယ်မြေရဲစခန်းသို့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ချက်ချင်းရောက်လာကာ ပဋိပက္ခများ မဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့ကြောင်း ရဲအုပ်စန်းယုက ရှင်းပြသည်။

အဆိုပါ အမျိုးသမီးမှာ လားရှိုးမြို့၊ ရပ်ကွက် ၁၂ တွင် နေထိုင်သည့် အသက် ၄၃ နှစ် အရွယ်ရှိ ဒေါ်ရီရီအောင် ဖြစ်ပြီး ၎င်းကို ပုဒ်မ ၂၉၅ (ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် ယုတ်ညံ့စေခြင်း) ဖြင့် စွဲချက်တင်ကာ တရားခံက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသဖြင့် ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မြို့နယ်တရားရုံးမှ သိရှိရသည်။

ဒေါ်ရီရီအောင်သည် သားဦး မွေးဖွားစဉ်က မီးတွင်း၌ ၎င်း၏ ခင်ပွန်းနှင့် စကားများ၍ ခင်ပွန်းဖြစ်သူ ရိုက်နှက်ခဲ့မှုကြောင့် မကြာခဏ စိတ်ဖောက်ပြန်လေ့ ရှိကြောင်း ၎င်း၏ အစ်မဖြစ်သူ ဒေါ်ပန်းမြိုင်က ပြောကြားသည်။

ဒေါ်ရီရီအောင်၏ ဖခင်မှာ ပထန်လူမျိုး အာရပ်နွယ်ဝင် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်ပြီး ၎င်းတစ်နှစ်သမီး အရွယ်တွင် မိဘများ အိမ်ထောင်ကွဲသွားပြီး မိခင်နှင့်အတူ နေထိုင်ခဲ့ကာ မိခင်၏ ဘာသာဖြစ်သော ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြောင်း ဒေါ်ပန်းမြိုင်က ဆက်လက်ရှင်းပြသည်။

၎င်း၏ နေအိမ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ နေအိမ်တွင် ဘုရားစင် တွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဖေဝင်းက ပြောပြသည်။

လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြု အဖွဲ့များ၊ ပြည်သူ့စစ်များ ပူးပေါင်း၍ လုံခြုံရေး တိုးမြှင့် ချထားကာ လှည့်ကင်းများဖြင့် ကြပ်မတ်ဆောင်ရွက်နေမှုများ ရှိနေပြီး လက်ရှိ အခြေအနေတွင် တည်ငြိမ် အေးချမ်းလျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

(နေမျိုးနွယ်)
The Voice Weekly