ကျင်ငယ်ရည်မှ ဈေးသက်သာသော လောင်စာဆဲလ်များ ထုတ်လုပ်နိုင်ရန် ပညာရှင်များ ကြိုးပမ်းနေ

ပို့စ်တင်ချိန် - 6/13/2014 07:19:00 AM




လူ့ခန္ဓာကိုယ်မှ ဇီဝစွန့်ပစ်ပစ္စည်း တစ်မျိုးဖြစ်သည့် ဆီး(ကျင်ငယ်ရည်)မှတစ်ဆင့် လောင်စာဆဲလ်များကို ဖန်တီးနိုင်ရန် သိပ္ပံပညာရှင်များက အလေးအနက် မျှော်လင့်နေကြောင်း သိရှိရသည်။

တောင်ကိုရီးယားမှ သုတေသီ တစ်စုသည် ကျင်ငယ်တွင် ပါရှိသည့် ကာဘွန်အက်တမ်များကို အသုံးပြုကာ ဈေးနှုန်းသက်သာသည့် လောင်စာဆဲလ်များ ထုတ်လုပ်လာနိုင်ရန် ကြိုးစား စမ်းသပ်နေကြသည်။

လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်သည့် လောင်စာဆဲလ်များကို အချို့သော ရွေ့လျား အားသွင်းစက်များနှင့် လျှပ်စစ်ကားများတွင် အသုံးပြုလျှက် ရှိသည်။

လောင်စာဆဲလ်များ ထုတ်လုပ်ရာတွင် ဈေးကြီးသည့် ပလက်တီနမ် သတ္တုကို ထည့်သွင်းရန် လိုအပ်ပြီး ယင်းနေရာတွင် ကျင်ငယ်မှ ကာဘွန်အက်တမ်များကို အစားထိုး အသုံးပြုခြင်းဖြင့် လောင်စာဆဲလ်များ၏ ဈေးနှုန်းကို လျှော့ချနိုင်ရန် ကိုရီးယား တက္ကသိုလ်မှ သုတေသီများက မျှော်လင့်နေခြင်း ဖြစ်သည်။

လောင်စာဆဲလ်များသည် ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်တို့ကို အသုံးချ ဓာတ်ပြုကာ ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးနိုင်သည့် နည်းပညာသစ် ထုတ်ကုန်များလည်း ဖြစ်သည်။

သိပ္ပံပညာရှင်များက လောင်စာဆဲလ်များတွင် ဓာတ်ပြုဖြစ်စဉ်၌ ပလက်တီနမ်အစား ကာဘွန်ကို အစားထိုးနိုင်မည့် နည်းလမ်းများအား ရှာဖွေတွေ့ရှိထားပြီး ယင်းကာဘွန်ကိုလည်း နေအိမ်အတွင်းရှိ အိမ်သာနှင့် ရေဆိုးစနစ်များမှ ရယူနိုင်ရန် စိတ်ကူးထားခြင်းဟု သိရှိရသည်။

လောင်စာဆဲလ် နည်းပညာသည် အနာဂတ်အတွက် အလားအလာ ကောင်းမွန်သည့် ဖန်တီးမှုတစ်ရပ် ဖြစ်သည့်တိုင် ဈေးနှုန်းကြီးမြင့်ခြင်းက အခက်အခဲများ ဖြစ်ပေါ်စေကြောင်း ကိုရီးယား တက္ကသိုလ်မှ ဂျန်ဆွန်ယုက ဆိုသည်။ “ကုန်ကျစရိတ် များနေတဲ့ အဓိက အကြောင်းရင်းက ပလက်တီနမ်ကို အသုံးပြုနေရလို့ပါပဲ။ ကျင်ငယ်လိုမျိုး စွန့်ပစ်ပစ္စည်း တစ်ခုကို ထိထိရောက်ရောက် အစားထိုးနိုင်မယ်ဆိုရင် ဒီနည်းပညာ တိုးတက်မှုက အများကြီး အရှိန်ကောင်းလာလိမ့်မယ်”ဟု ဒေါက်တာဆွန်ယုက ပြောကြားခဲ့သည်။

ခန့်မှန်းမှုများအရ ကမ္ဘာ့လူသားများ စွန့်ထုတ်နေသည့် ကျင်ငယ်ပမာဏသည် တစ်နေ့လျှင် လီတာပေါင်း (၁၀.၅)ဘီလျံမျှ ရှိနေကြောင်း သိရသည်။ တစ်နည်းအားဖြင့် ယင်းသည် အိုလံပစ် ပြိုင်ပွဲအဆင့် ရေကူးကန်ပေါင်း (၄၂၀၀)စာကို ဖြည့်တင်းနိုင်ရန် လုံလောက်သည်။

Ref: Daily Mail
7day daily