မိုးရွာသွန်းမှုလွန်ကဲ၍ ရန်ကုန်မြို့ သမိုင်းလမ်းဆုံ၌ ရေကြီးရေလျှံမှုဖြစ် ပွား နိုင်ငံတစ်ဝန်း ရန်ကုန်အနောက်ပိုင်း မိုးရေချိန် ဒုတိယအများဆုံးဖြစ်

ပို့စ်တင်ချိန် - 6/13/2014 12:43:00 PM



ရန်ကုန် ဇွန် ၁၂

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ သမိုင်းလမ်းဆုံနှင့် အနီးတစ်ဝိုက်ရှိ ရပ်ကွက်များတွင် မိုးရွာသွန်းမှုကြောင့် နံနက် ၇ နာရီမှစတင်ပြီး တစ်နေ့လုံး နီးပါး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ပြည်သူများ အခက်အခဲမျိုးစုံ ကြုံတွေ့ ကြရသည်ကို သတင်းသမားတစ်ဦးအနေဖြင့် မြင်တွေ့ခဲ့ရသည်။

ရန်ကုန်မြို့ကြီးအတွင်း၌ ယခင်လအနည်းငယ်အတွင်း မိုးဦးမကျမီကပင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုလိုရေကြီးရေလျှံမှုများ မဖြစ်ပေါ် ရအောင် မြို့ပြင်ရေထွက်မြောင်းကြီးများကို နက်ရှိုင်းကျယ်ပြန့်စွာ တူးဖော်မှု များ ပြုလုပ်ခဲ့သည်။ သို့မို့ကြောင့် မိုးဦးကာလတွင် ရန်ကုန်မြို့၌ ယခင်ရေကြီးရေလျှံတတ်သည့် ကားလမ်းမနေရာများ၌ ရေကြီးရေလျှံမှုများ အထိုက် အလျောက်လျော့နည်းခဲ့သည်။ သို့သော် ဇွန် ၁၁ ရက် ညလယ်ပိုင်းနှင့် ဇွန် ၁၂ ရက် နံနက် အစောပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့နှင့် ကျိုက်ဝိုင်းဘုရား လမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး အဆိုပါဒေသနေပြည်သူများ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ဖြေရှင်းနေရကြောင်း သိမြင်ခဲ့ရသည်။

"ကျွန်မတို့ ဒီနေ့ နံနက် ၆ နာရီကျော် ၇ နာရီလောက်ကတည်းကပစ္စည်းတွေ ဟိုပြောင်း ဒီပြောင်းနဲ့ တော်တော် ဒုက္ခရောက်တယ်။ မိုးကလည်း အခုညနေပိုင်း အထိ လုံးဝစဲသွားတယ်လို့မရှိဘူး။ ကားတွေလည်း ဒီလမ်းထဲရောက်ပြီး ပြန်ထွက် ဖို့ကိုတော်တော်နဲ့ မထွက်နိုင်ကြဘူး။တစ်နေ့လုံးပဲ။ ကျသွားတယ်လို့ကို မရှိဘူး။ ဒီနောက်က ရပ်ကွက်တွေဆို အနည်းဆုံးမြေညီထပ်တော့ မြုပ်မယ်။ သူတို့လည်း ခုချိန်ထိ အဆင် မပြေကြဘူး။ မီးက ညကတည်းကလုံးဝပျက်သွားတယ်။ ကျွန်မ တစ်သက်မှာ အခုလို ကြုံတာ ယခင်နာဂစ်တုန်းကတစ်ခါ၊ ခုတစ်ခါ" ဟု မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်ကျိုက်ဝိုင်းဘုရားလမ်းပေါ်တွင် ကုန်မျိုးစုံ အရောင်းဆိုင်ဖွင့်ထားသည့် ဒေါ်မြင့်မြင့်သန်းက ပြောသည်။ ယခုနှစ် မြန်မာနိုင်ငံ ကို အနောက်တောင် မုတ်သုံလေဝင်ရောက်မှုမှာ မေ ၁၇ ရက်မှစတင် ၍ မြန်မာနိုင်ငံတောင်ပိုင်း သို့ဝင်ရောက်ခဲ့ပြီး မေ ၂၀ ရက် တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၊ မေ ၂၉ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း တို့ကို ဝင်ရောက်ခဲ့ပြီး ဇွန် ၇ ရက်တွင် တစ်နိုင်ငံလုံးသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ ရန်ကုန်(ကမ္ဘာအေး) မိုး/ဇလအနေနဲ့ကတော့ ဒီနေ့ဆို ၆ ဒသမ ၃၈ လက်မ ရှိပါတယ်။ အဲဒါကတော့ ရန်ကုန်အနောက်ပိုင်းမှာပါ။ ဒီနေ့ ရေကြီးတဲ့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းလည်း ပါပါတယ်။ ရန်ကုန်မြို့လယ်ကောင်ကတော့ ၄ ဒသမ ၀၆ လက်မပဲရှိတာပါဟု" မိုး/ဇလဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိဇင်က မြန်မာ့အလင်းသို့ ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းလွဲ၂ နာရီ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ရန်ကုန်အနောက်ပိုင်း(ရန်ကုန်-ကမ္ဘာအေး) တွင် ၆ ဒသမ ၃၈ လက်မ၊ ရန်ကုန်အနောက်ပိုင်း မိုးရေချိန်သည် နိုင်ငံတစ်ဝန်း မိုးရေချိန်တိုင်းထွာချက်များအရ ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။


MOI Webportal Myanmar