ဦးပိန်တံတား တိုင်အမှတ်(၄၈) မီးလောင်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 6/13/2014 12:43:00 PM


မန္တလေး ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းရှိ ကမ္ဘာကျော်သစ်သားတံတားကြီးဖြစ်သည့် တောင်သမန် အင်းတံတား (ဦးပိန်တံတား)ကြီး၏ တိုင်အမှတ်(၄၈)အခေါင်းပေါက် ထဲသို့ ဆေးလိပ်တိုမီးထည့်သွားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါ တောင်သမန်တံတားပေါ်တွင် ဇွန် ၄ ရက်ညနေ ၃ နာရီက နေအပူရှိန်ပြင်းသဖြင့် တံတားပေါ်၌ ဖြတ်သန်း သူနည်းပါးလျက်ရှိပြီး ထိုအချိန်တွင် တိုင်အမှတ်(၄၈)တိုင်လုံးအတွင်းမှ မီးခိုးများထွက်လာသည်ကို တံတားပေါ်၌ ဈေးရောင်းချနေသူများက မြင်တွေ့ခဲ့ပြီး တောင်မင်းကြီးကျောင်းတိုက်ရှိ တံတားထိန်းသိမ်းရေးအဖွဲ့အား သွားရောက် အကြောင်းကြားရာ တံတားထိန်းသိမ်းရေးအဖွဲ့မှ ရေဖြင့်လောင်း၍ ငြှိမ်းသတ်နိုင်ခဲ့သော်လည်း တိုင်လုံးအတွင်းပိုင်းမှာ မီးကျွမ်းသွားခဲ့ကြောင်း ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီတံတားကြီးကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ကိုဌာနက လုံခြုံရေးဝန်ထမ်းတစ်ဦးကို တာဝန်ချထားပေးပါတယ်။ ဒါ့အပြင် တံတားပေါ်မှာ ဖြတ်သန်းစဉ် ဆေးလိပ်မသောက်ဖို့၊ တံတားပေါ်မှာ စက်ဘီး၊ ဆိုင်ကယ်မစီးဖို့ စာတန်းတွေ ချိတ်ထားပေမယ့် လိုက်နာမှု အားနည်းနေပါသေးတယ်။ အခုဆို သတိပေးစာတန်းတွေကို တောင် စုတ်ဖြဲထားတာ တွေ့ရပါတယ်။ ရှေးဟောင်းသမိုင်းအမွေအနှစ်တွေ ထိန်းသိမ်းဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ဆိုရင် ကျွန်တော်တို့ ရှေးဟောင်း သုတေသနဌာန တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ယဉ်ကျေးမှုအမွေအနှစ်တွေ ကို တန်ဖိုးထား မြတ်နိုးသူတိုင်း ပူးပေါင်းထိန်းသိမ်းရမှာပါ။ တံတားကြီးကို လာရောက်လေ့လာသူ ဧည့်သည်များကလည်း တံတားကြီးနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်များကို လိုက်နာဖို့လိုပါတယ်။
အထူးသဖြင့်ဒီတံတားပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ ဒေသခံတွေ၊ တံတားကြီးကို မှီခိုပြီး စီးပွားရှာနေကြတဲ့ ဈေးသည်တွေကပါ ပူးပေါင်းထိန်းသိမ်းစေချင်ပါတယ်”ဟု ၎င်းကပြောသည်။

မန္တလေးမြို့ရှိ ကမ္ဘာကျော် ဦးပိန်တံတားကြီးအား ဧပြီလအတွင်းက ပထမဦးစားပေးအဆင့်အနေဖြင့် အခန်းပေါင်း ၂၁ ခန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျပ်သိန်း ၁၃၀ ကျော် အကုန်အကျခံ ပြုပြင်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar