ကားပေါ်တက် ဆန္ဒပြသည်ဆိုသော အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 6/13/2014 05:12:00 PM


ဓာတ်ပုံ- Yangon Traffic Police




ယမန်နေ့က ပြည်လမ်း အေဒီမီးပွိုင့်တွင် ကားများပိတ်ဆို့နေစဉ် ကားတစ်စီးခေါင်မိုးပေါ်သို့တက်ကာ ဆန္ဒပြသည်ဆိုသော အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး ကားများပိတ်ဆို့နေစဉ် ယင်းအမျိုးသမီးသည် သူကိုယ်တိုင်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ် အေဒီမီးပွိုင့်ထိပ်တွင်ရပ်ကာ လမ်းပိတ်ရပ်ထားခဲ့ကြောင်း၊ ထို့အပြင် အခြားယာဉ်များ၏ ဝိုက်ဘာအား ဆွဲလှန်ခြင်း၊ ကားတံခါးများအား လက်ဖြင့်ပုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မီးနီတွင်ရပ်နေသည့် အနက်ရောင်ယာဉ်ပေါ်သို့တက်ခြင်း၊ ယာဉ်အတွင်းသို့ တံခါးဆွဲဖွင့်ဝင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ ဟန်နီမောင်မောင်

အဆိုပါအမျိုးသမီးကို မရမ်းကုန်းရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ စကားပြောဆိုခြင်းမရှိ၍ ၎င်း၏ဖခင်အား ခေါ်ယူမေးမြန်းရာတွင် လှိုင်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး စိတ်ကြွ/စိတ်ကျရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သူမ၏ဆရာဝန်နှင့် ဖခင်တို့၏ပြောကြားချက်များကို ကိုးကားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးရေထဲတွင် ကားခေါင်မိုးပေါ်၌ တက်ရောက်နေထိုင်သည့် ယင်းအမျိုးသမီး၏ ဓာတ်ပုံများသည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုသူများအကြား ဇွန်လ ၁၂ ရက်တွင် ရေပန်းအစားဆုံးပုံ ဖြစ်ခဲ့သည်။ ၎င်းကို ယာဉ်ကြောပိတ်သောကြောင့် ဆန္ဒပြသောသူဟု အများစုက ယူဆခဲ့ကြသည်။


7day daily