ကန့်ကွက်မှုတွေကို မျက်ကွယ်ပြုကာ အမျိုးစောင့်ဥပဒေကို တကယ်ပဲ ပြဋ္ဌာန်းနိုင်မလား

ပို့စ်တင်ချိန် - 6/13/2014 10:15:00 AM



  "လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပြီးမှ ဒီလို ဥပဒေထုတ်ပြန်ဖို့ ပြင်ဆင်ကြတယ်ဆိုတာ
ဘယ်လိုသဘောနဲ့ ဘာကိုဆိုလိုချင်မှန်းမသိပါဘူး။ ကမ္ဘာမှာ ဒီလိုဘာသာပြောင်းမှ လက်ထပ်
ခွင့်ပြုမယ့်နိုင်ငံ ကျွန်မကတော့ မကြားဖူးသေးဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီလိုဥပဒေ
ချမှတ်လိုက်တယ်ဆိုရင် ရှက်စရာတော့ကောင်းနေပြီ"လို့ အသက် ၂၂ နှစ်အရွယ်၊
နည်းပညာတက္ကသိုလ်ကျောင်းသူ မမြကြာဖြူက စိတ်ပျက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

သူရည်ညွှန်းတဲ့ ဥပဒေက လတ်တလော ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခွင့်ရရှိဖို့
ပြင်ဆင်နေတဲ့ အမျိုးစောင့်ဥပဒေဖြစ်ပြီး မနှစ်က (၂၀၁၃ ခုနှစ်၊ ဇွန်လမှာ) ဦးဇင်း အရှင်ဝီရသူက
ဦးဆောင်တင်ပြခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးပေါင်း တစ်သန်း သုံးသိန်းကျော်က
သဘောတူတဲ့ လက်မှတ်ရေးထားကာ နိုင်ငံတော်သမ္မတအထိ တင်ပြနိုင်ခဲ့တဲ့အပြင် ခုချိန်ထိ
လက်မှတ်ပေါင်း သုံးသန်းကျော် စုဆောင်းထားရှိပြီးဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေ စတင်တင်သွင်းမယ်ဆိုတဲ့ အချိန်မှာတုန်းက လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပေမယ့်
တစ်နှစ်တာပတ်လုံး စိတ်ဝင်စားမှုတွေ လျော့ကျခဲ့ကာ သက်ဆိုင်ရာအဖွဲ့တွေမှ မူကြမ်းရေးဆွဲနေပြီး
ဒီလကုန် (ဇွန် ၃၀) ရက် နေ့မှာတော့ ဥပဒေလေးချက်ထဲက အကြမ်းရေးဆွဲသွားပြီဖြစ်တဲ့
ကိုးကွယ်ရာဘာသာကူး ပြောင်းခြင်းဆိုင်ရာဥပဒေကို အတည်ပြုမပြု ဆုံးဖြတ်မယ်ဆိုတဲ့
သတင်းတွေကြောင့် ဘာသာမတူတဲ့ ချစ်သူတွေကြားမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

"ဒီဥပဒေက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေအပေါ် အဓိက သက်ရောက်မယ်၊ ဆိုးကျိုးရှိနိုင်
သလို ကောင်းကျိုးလည်း ရှိနိုင်မှာပါ။ ဒါပေမဲ့ အခွင့်အရေးဖိနှိပ်သလို လူတစ်ယောက်မှာ ကိုယ်ပိုင်
ဆုံးဖြတ်ချက်ချနိုင်လောက်အောင် ဦးနှောက် မပြည့်မီဘူး၊ အသိ ဉာဏ်မရှိဘူးလို့ သဘောထားပုံ
ပေါက်တယ်"လို့ မမြကြာဖြူက ဆက်ပြောပါတယ်။

အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်တဲ့ မမြကြာဖြူမှာ သူတစ်သက်လုံးအတွက် ရည်ရွယ်ထားသူက
ဗုဒ္ဓဘာသာဝင်အမျိုးသားဖြစ်ပြီး ချစ်သူသက်တမ်းက နှစ်နှစ်ကျော်နေပါပြီ။

အမျိုးစောင့်ဥပဒေမှာ အဓိကပါဝင်တဲ့ အချက်ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ
ဥပဒေ(မူကြမ်း)ကိုတော့ နိုင်ငံတော်သတင်းစာတွေမှာ မေလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာ
ခဲ့ပြီး ဖြစ်ပါတယ်။

"ကမ္ဘာမှာ ဘာသာကူးပြောင်းတာတွေနေရာ အနှံ့ဖြစ်ပေါ်နေတယ်။ လူတိုင်း ကိုယ့်ဆုံးဖြတ်ချက်နဲ့
ကိုယ် အချိန်မရွေး ကူးပြောင်းပိုင်ခွင့်လည်း ရှိရမယ်။ ဒါပေမဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး
ငါ ဒီလူကိုယူရမှာမို့ ဒီလူ့ဘာသာထဲ မဖြစ်မနေကူးပြောင်းရမယ်ဆိုတဲ့ သဘောမျိုးက အဓိပ္ပာယ်
မရှိသလို အဲဒီလို ကိုယ့်စိတ်မပါဘဲ လိုက်လုပ်ရတဲ့ အိမ်ထောင်ရေးကလည်း နားလည်မှု
ဘယ်လောက်ရှိရှိ ရေရှည်တည်မြဲမှာ မဟုတ်ဘူး" လို့ မမြကြာဖြူက ခပ်မာမာ ပြောပါတယ်။

အမျိုးစောင့် ဥပဒေပြဋ္ဌာန်းရေး လွှတ်တော်ထဲအထိရောက်ပြီး ဆွေးနွေးနေရတာကိုက သူ့အတွက်
အံ့ဩစရာပဲဆိုတဲ့ မမြကြာဖြူက "ဒီဥပဒေက ကျွန်မတို့ အစ္စလာမ်ဘာသာဝင်တွေကို
အဓိကထားမှန်း သိပါတယ်။ ဒါပေမဲ့ သက်ရောက်မှုကတော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့
ဘယ်ဘာသာဝင်မဆို ခံရမှာပါ။ အံ့ဩမိတာက မြန်မာနိုင်ငံမှာ ကဏ္ဍမျိုးစုံအတွက် တင်ပြစရာ
ဥပဒေသစ်တွေ အများကြီးလိုအပ်နေတဲ့ကြားက အဲဒါတွေကို အာရုံမစိုက်ဘဲ ဒီလိုဥပဒေကို
ဆွေးနွေးနေတာကိုပါ။ တကယ်လိုက်မမီပါဘူး"လို့လည်း ဆက်ပြောလိုက်ပါတယ်။

အမျိုးစောင့်ဥပဒေရဲ့ ဖော်ပြချက်အရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအပေါ်မှာ အိမ်ထောင်ရေး
ရွေးချယ်ခွင့် ကန့်သတ်သလို ဖြစ်တဲ့အတွက် သူ့အတွက်တော့ သက်ရောက်မှာ မဟုတ်ပေမယ့်
ဒီဥပဒေကြောင့် နောက်ထပ် မျိုးဆက်သစ်တွေမှာ အနောက်နိုင်ငံတွေလို လက်မထပ်ဘဲ
အတူနေကြတဲ့ဓလေ့ ဖြစ်ထွန်းလာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုလိုက်ပါတယ်။

ကချင်တိုင်းရင်းသူ မဂျက်စမင်က မိရိုးဖလာ ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်သလို
ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းသူပါ။ သူ့ချစ်သူကတော့ ဗုဒ္ဓဘာသာဝင် ရှမ်းတိုင်းရင်းသား
တစ်ယောက်ဖြစ်တာမို့ နှစ်ယောက်အပြန်အလှန် နားလည်မှုတွေနဲ့ ချစ်ခြင်းကို တည်ဆောက်ခဲ့
ရတယ်လို့ ပြောပါတယ်။

"ကိုယ်တွေက နားလည်မှုရနေပြီ၊ ကိုယ်ဘုရားကျောင်းသွားတဲ့အချိန် သူ လာကြိုသလို သူ
ဘုရားတက်ချင်တယ်ဆိုရင်လည်း ကိုယ်လိုက်ပို့ ပေးတယ်။ ဒါပေမဲ့ ခုချိန်မှ ဒီဥပဒေကိုလိုက်နာပြီး
ဘာသာပြောင်းမှ လက်ထပ်လို့ရမယ်ဆိုရင်တော့ သေချာတယ်၊ တစ်သက်လုံး အပျိုကြီးပဲ
ဖြစ်တော့မှာ"လို့ ချစ်သူနဲ့တွဲခဲ့တာ သက်တမ်း လေးနှစ်ရှိပြီဖြစ်တဲ့ မဂျက်စမင်က ပြောပါတယ်။

ချစ်သူကို ဘုရားလောက် မချစ်လို့ ချစ်သူ ကိုးကွယ်တဲ့ဘာသာကို လိုက်မပြောင်းနိုင်ဘူးဆိုတာ
မျိုးထက် လူတစ်ယောက်ရဲ့အသိတရားကို နှလုံးသားနဲ့ မျှားယူလိုက်သလို ခံစားရတယ်လို့လည်း
သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုပါတယ်။

"ဒီအသက်အရွယ်မှာ ပညာအရည်အချင်းလည်း နှစ်ယောက်စလုံး ရှိပြီးသား၊ စဉ်းစားတတ်ပြီလည်း
ဖြစ်လို့ ဘာသာမတူပေမယ့် ဘာပြဿနာမှ မဖြစ်ဘဲ ချစ်ကြိုက်လာခဲ့တာပါ။ နှစ်ယောက်
လက်ထပ်ပြီးရင်လည်း ကိုယ့်ဘာသာပဲ ဆက်ကိုးကွယ်မယ်၊ ကလေးတွေကိုလည်း ဘာသာနှစ်ခု
စလုံး ရှင်းပြပြီး စိတ်ကြိုက်ရွေးချယ် ကိုးကွယ်ခွင့်ပြုမယ်လို့ ကြိုတင်ပြင်ဆင်ထားပြီးသားပါ"လို့
ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ပြီး အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ မဂျက်စမင် က စဉ်းစားရင်း တစ်လုံးချင်း
ပြောလိုက်ပါတယ်။

ဘာသာမတူတဲ့ ချစ်သူအတွက် အမျိုးတွေက သိပ်လက်မခံချင်ကြပေမယ့် နားလည်အောင်
ရှင်းပြထားခဲ့တာမို့ မိခင်အပါအ၀င် သဘောတူ ကြည်ဖြူမှု ရခါစအချိန်မှာ ခုလိုအမျိုးစောင့်ဥပဒေနဲ့
ပတ်သက်ပြီး သတင်းတွေ လှုပ်ခတ်လာတာကြောင့် စိတ်ပူမိတယ်လို့လည်း ဆိုပါတယ်။

"အစ်မတို့ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေက ဘာသာခြားကို ယူမယ်ဆိုရင် ဘုရားကျောင်းမှာ
မင်္ဂလာဆောင်ခွင့် မရှိဘူး၊ မြန်မာတစ်နိုင်ငံလုံးမှာ ဘာသာမတူတာကို လက်ထပ်ပေးနိုင်တဲ့
(နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေ အတွက်) ဘုန်းတော်ကြီးနှစ်ပါးပဲ ရှိတယ်လို့လည်း ကြားတယ်။
ဒါပေမဲ့ ဒါ တခြားဘာသာဝင်တွေကို အစ်မတို့ ဘာသာကို ၀င်ခိုင်းလိုက်တာ မဟုတ်ဘူး၊
အစ်မတို့ဘက်က အသိအမှတ်ပြုတာကို ခံယူတာ၊ ပြီးတော့ သူ့ဘက် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း
မှာ လက်ထပ်နိုင်တယ်"လို့ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေရဲ့ လက်ထပ်အတည်ပြုမှုပုံစံကို
ပြောပါတယ်။

အမျိုးစောင့်ဥပဒေ(မူကြမ်း)မှာ ပြဋ္ဌာန်းထားတဲ့ အဓိက အချက်လေးချက်ကတော့ ကိုးကွယ်ရာ
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်းထွက်ရှိပြီး)၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊
တစ်လင်တစ်မယားစနစ်နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာဥပဒေတို့ ပါဝင်တာမို့ မဂျက်စမင်က
တစ်လင်တစ်မယားစနစ်က လွဲရင် အကြမ်းဖျင်းအားဖြင့် ဘယ်ဥပဒေကိုမှ သဘောမတူနိုင်ဘူးလို့
ပြောပါတယ်။

"လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေဆိုရင်လည်း အစ်မတို့ တိုင်းရင်းသားတွေက မိသားစုမှာ
မောင်နှမတွေ သိုက်သိုက်ဝန်းဝန်းနေကြတာကို ပိုသဘောကျကြတယ်၊ စည်းလုံးတယ်၊
အားရှိတယ်ဆိုပြီး သားသမီးများများ ယူကြတယ်၊ အခု ကလေးမွေးရင်တောင် သတ်မှတ်ချက်
အတိုင်းပဲ မွေးရမယ်ဆိုရင်တော့ တော်တော် မတရားဘူးလို့ကို ထင်တယ်"လို့ မဂျက်စမင်က
ဆိုပါတယ်။

လူဦးရေထိန်းညှိခြင်းဆိုင်ရာဥပဒေက အစ္စလာမ်ဘာသာဝင်တွေကို အဓိကရည်ရွယ်ခဲ့ရင်လည်း
သီးသန့်ထုတ်ပြန်ပေးသင့်ပြီး အခုလို ဘာသာပြောင်းခိုင်း၊ သတ်မှတ်သလောက်ပဲ ကလေးမွေးခွင့်
ပြုခိုင်းတာတွေက တိုင်းရင်းသားတွေအပေါ်မှာလည်း မတရားရာကျ ရောက်တယ်လို့လည်း သူက
ဆက်ပြောပါတယ်။

"ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာထဲဝင်ဖို့ သူလည်း ကိုယ့်ကို မတိုက်တွန်းခဲ့သလို
ကိုယ်လည်း သူ့ကို မမြှူဆွယ်ခဲ့ဘူး။ ကိုယ်နဲ့ ဘာသာတူတဲ့ သူတွေအများကြီးထဲကမှ သူ့ကို
ရွေးချယ်ခဲ့တာဆိုတော့ အဘက်ဘက်က စဉ်းစားခဲ့တာ။ ဒါပေမဲ့ ဒါ ကိုယ်သူ့ဘာသာထဲ
လိုက်ပြောင်းလိုက်ဖို့ မဟုတ်ဘူး။ မိဘတွေကတောင် အတင်းအကျပ် မလုပ်ဘဲ နားလည်ပေးနေ
ကြတဲ့ခေတ်မှာ ဒီဥပဒေက တော်တော်မတရားဘူးလို့ ခံစားရတယ်"လို့ ခံပြင်းဟန်နဲ့ မဂျက်စမင်က
ပြောလိုက်ပြန်ပါတယ်။

ဘာသာကူးပြောင်းခြင်းပြဋ္ဌာန်းခွင့် အတည်ပြုဖို့ ရက်ပိုင်းလောက်သာ လိုတော့ပေမယ့် ဘယ်သူမှ
စိတ်ဝင်တစား မရှိကြတာကို မြင်ကတည်းက ပြဋ္ဌာန်းဖို့ မသေချာလောက်ဖူးလို့လည်း မဂျက်စမင်
က သူ့ထင်မြင်ချက်ကို ပြောပါတယ်။

"အများစုက ဒီဥပဒေက ဘာလဲဆိုတာတောင် သိကြလိမ့်မယ်မထင်ဘူး။ ဒါ့ကြောင့် စိတ်မ၀င်စား
ကြတာ၊ တချို့ကတော့ ဒီ ဥပဒေ ပြဋ္ဌာန်းခွင့်ရလိမ့်မယ်လို့ကို မထင်ဘူး။ အခု လောလောဆယ်
နည်းနည်းတော့ စိတ်ပူနေတယ်"လို့ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ်၊ ဟိန္ဒူဘာသာဝင် မနုနုကတော့ ဘာသာအယူခြင်း နီးစပ်မှုရှိလို့
တကယ်လို့ မျိုးစောင့်ဥပဒေသာ ပြဋ္ဌာန်းလိုက်မယ်ဆိုရင်လည်း ဟိန္ဒူဘာသာဝင်အမျိုးသားတွေ
အနေနဲ့ ဗုဒ္ဓဘာသာထဲကို ပြောင်းလိုက်ဖို့ အဆင်ပြေလောက်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်အများစု မိန်းကလေးတွေက အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာဝင်နဲ့
လက်ထပ်ပြီးရင် သူတို့ဘာသာတွေထဲ လိုက်ပြောင်းသွားကြတာများတယ်၊ ကိုယ့်ပတ်ဝန်းကျင်
မှာလည်း ဟိန္ဒူဘာသာကနေ အစ္စလာမ်ဘာသာပြောင်းသွားတဲ့သူတွေ အများကြီးပဲ။ ဒါပေမဲ့
အစ္စလာမ်ကနေတော့ ဟိန္ဒူဘာသာ ပြောင်းလာတဲ့သူတစ်ယောက်မှ မတွေ့ဖူး သေးဘူး။ ဒီတော့
တခြားသူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မကတော့ မျိုးစောင့်ဥပဒေကို လက်ခံနိုင်တယ်"
လို့ သူ့အတွေ့အကြုံ တွေနဲ့ယှဉ်ပြီး မနုနုက အမျိုးစောင့်ဥပဒေကို ထောက်ခံနိုင်တယ်လို့
ပြောပါတယ်။

ငြိမ်းအိအိထွေး  / မြန်မာတိုင်း(မ်)