၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး အသုံးပြုမယ့် ဂိုးလိုင်းနည်းပညာ

ပို့စ်တင်ချိန် - 6/13/2014 06:00:00 PM


အောင်ငြိမ်းသွေး
ဇွန် ၁၃

ယနေ့ညမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အခက်အခဲတွေအများကြီး ကြားထဲကနေပဲ ပြိုင်ပွဲကြီး စတင် ကျင်းပတော့မှာပါ။ ဘရာဇီးမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးတွေကထက် ပိုမိုစိတ်ဝင်စားစရာကောင်းတာကတော့ အမှန်ပါပဲ။ အဖက်ဖက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ထားကြလို့ အောင်မြင်တဲ့ ပြိုင်ပွဲကြီးတစ်ခု ဖြစ်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဒီနှစ်ပြိုင်ပွဲကြီးမှာ ပထမဆုံး အသုံးပြုမယ့် အရာနှစ်ခုရှိပါတယ်။ အဲ့ဒါတွေကတော့ မှုတ်ဆေးဗူးနဲ့ ဂိုးလိုင်းနည်းပညာ ဖြစ်ပါတယ်။ မှုတ်ဆေးဗူး အကြောင်းကို မဇ္ဈိမ သတင်းစာမှာ ဖော်ပြခဲ့ပြီး ဖြစ်လို့ အခု ဂိုးလိုင်းနည်းပညာအကြောင်းကို ဆက်လက် မိတ်ဆက်ပေးချင်ပါတယ်။

ဂိုးလိုင်းနည်းပညာနဲ့ မိတ်ဆက်မပေးခင် ပထမဆုံးအနေနဲ့ ဂိုးလိုင်းနည်းပညာ ပေါ်ပေါက်လာရတဲ့ အကြောင်းကို ရှင်းပြချင်ပါတယ်။
ဘောလုံးလောကမှာခေတ်မီနည်းပညာတွေကို မိတ်ဆက်သင့်ပြီလို့ စတင်အသံထွက်လာခဲ့တာက ၂၀၀၀ ပြည့် နှစ်က ဖြစ်ပါတယ်။ နိုက်ဂျီးရီးယားနဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲစဉ်မှာ ဖြစ်ပါတယ်။



ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာ အိမ်ရှင်နိုက်ဂျီးရီးယားကစားသမား အိုင်ပီဘာရဲ့ကန်ချက် ဘားတန်းနဲ့ထိ၊ ဂိုးထဲဝင်ပြီး ပြန်ထွက်လာတာကို ဒိုင်လူကြီးက မဂိုးဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ရုပ်သံအနှေးပြကွက်မှာ ပြန်ကြည့်တဲ့အခါမှာတော့ ဂိုးဝင်ခဲ့ပါတယ်။ ဒါနဲ့ပဲ နိုက်ဂျီးရီးယားအသင်းလည်း ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံဆုဖလားကြီးကို လက်လွှတ်လိုက်ရပါတယ်။ အာဖရိကနိုင်ငံတွေရဲ့ မီဒီယာအင်အားနည်းပါးမှုနဲ့ ပရိသတ် စိတ်ဝင်စားမှုနည်းတဲ့ အာဖရိကဖလားပြိုင်ပွဲကြောင့် တိုးတိုးတိတ်တိတ်နဲ့ပဲ ဒီကိစ္စ အဆုံးသတ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၀၅ ခုနှစ်မှာ ဂိုးလိုင်းနည်းပညာနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။ မန်ယူနဲ့ စပါးတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာပါ။ စပါးကစားသမား မန်ဒက်စ်ရဲ့ ၅၅ ကိုက်အကွာက ကန်သွင်းချက် ဂိုးစည်းကျော်သွား ချိန်မှာ မန်ယူဂိုးသမား ကာရိုးလ်က ပုတ်ထုတ်ကာကွယ်သွားခဲ့တာ ရှင်းရှင်းလင်းလင်းကြီးဖြစ်ပေမယ့် ဒိုင်လူကြီးနဲ့ စည်းကြပ်ဒိုင်နှစ်ဦးစလုံးက ဂိုးမပေးခဲ့ခြင်းဖြစ်ပါတယ်။ အင်္ဂလန်လို မီဒီယာအင်အားကောင်းတဲ့ နိုင်ငံမှာ ဖြစ်ပျက် ခဲ့လို့ ဟိုးလေးတကျော် ဖြစ်ခဲ့ရပေမယ့် အဲ့ဒီအချိန်အထိ ပြုပြင် ပြောင်းလဲဖို့ ပြင်းပြတဲ့ စိတ်ဝင်စားမှုမျိုး မဖြစ်ပျက်ခဲ့သေးပါဘူး။

ဘောလုံးလောကတစ်ခုလုံးကို ပြောင်းလဲစေမယ့် အဖြစ်အပျက်ကတော့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဂျာမနီတို့ တွေ့ဆုံခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်ကစားသမား လမ်းပတ်ရဲ့ကန်ချက် ဂိုးဝင်သွားခဲ့ပေမယ့် ဒိုင်လူကြီးက မဂိုးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်နောက်ပိုင်းမှာ တော့ ဘောလုံးလောကအတွင်း ကျင်လည်နေသူ အများစုက ဘောလုံးပြိုင်ပွဲတွေမှာ နည်းပညာလိုအပ်နေပြီလို့ ဆုံးဖြတ်ခဲ့ကြပြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဖီဖာဥက္ကဋ္ဌဘလတ္တာလည်း လမ်းပတ်ရဲ့ ဂိုးကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ ဂိုးလိုင်းနည်းပညာအသုံးပြုဖို့ လုံးဝ စိတ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ ဒါကို သူကိုယ်တိုင်လည်း ၀န်ခံခဲ့ပါတယ်။ ဘလတ္တာ က“လမ်းပတ်ရဲ့ ဂိုးက ကျွန်တော့ရဲ့စိတ်ကို အလုံးစုံ ပြောင်းလဲပေးခဲ့ပါတယ်။ လမ်းပတ်ကို ကျေးဇူးတင်ပါတယ်။ ဒီဖြစ်ရပ်ကို မြင်လိုက်ရတဲ့အချိန်မှာ အရမ်းကို တုန်လှုပ်သွားခဲ့တာပါ။ ဒါကြောင့် ဂိုးလိုင်းနည်းပညာကို ထပ်မံ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဖီဖာက ဂိုးလိုင်းနည်းပညာအတွက် တင်ဒါခေါ်ယူခဲ့ပါတယ်။ နည်းပညာပေါင်း ၉ ခု စမ်းသပ်အသုံးပြုခဲ့ပေမယ့် ၂ ခုကိုသာရွေးချယ်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်မှာ ဂျာမန်ကုမ္ပဏီ GoalControl က ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
GoalControl ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူက Dirk Broichhausen ဆိုသူဖြစ်ပါတယ်။ ဂျာမနီနဲ့ အင်္ဂလန်တို့ရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အငြင်းပွားမှုတွေကို မြင်တွေ့ခဲ့ရပြီးတဲ့ နောက်တစ်ရက်မှာပဲ သူ့ရဲ့တီထွင်မှုကို စတင်ခဲ့တာ ဖြစ် ပါတယ်။ သူ့ရဲ့တီထွင်မှုကနေစတင်ပြီး အခြားအင်ဂျင်နီယာတွေနဲ့ ပူးပေါင်းကာ ယခုဂိုးလိုင်းနည်းပညာကို တီထွင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

Broichhausen ကတော့ သူ့ရဲ့နည်းပညာဟာ ဘောလုံးလောကရဲ့အနာဂတ်လို့ ရည်ညွှန်းခဲ့ပါတယ်။ သူ့ရဲ့နည်းပညာက ရိုးရှင်းပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ အနှောက်ပေးခြင်းမရှိဘဲ အကူအညီသာ ပေးလိမ့်မယ်လို့ ဆိုထားပါ တယ်။ ဘရာဇီးက ကွင်း ၁၂ ကွင်းမှာ ဂိုးလိုင်းနည်းပညာအသုံးပြုဖို့အတွက် ကုန်ကျစရိတ်က ကန်ဒေါ်လာ ၃.၅ သန်းသာ ရှိခဲ့ပါတယ်။

ဂိုးလိုင်းနည်းပညာဆိုတာဘာလဲ။ ရှင်းပါတယ်။ ဂိုးစည်းကို ဘောလုံးကျော်၊ မကျော် ဆုံးဖြတ်ပေးတဲ့ ပစ္စည်း ကိရိယာဖြစ်ပါတယ်။ ဒါကအလွယ်ပြောတာပါ။ GoalControl ကမိတ်ဆက်လာတဲ့ နောက်ဆုံးပေါ်ဂိုးလိုင်းနည်းပညာမှာ အခြေခံအကျဆုံးနဲ့ အဓိက မဖြစ်မနေပါဝင်ရမယ့်အရာတွေက မြန်နှုန်းမြင့် အဆင့်မြင့် ကင်မရာ ၁၄ လုံး၊ ဘောလုံးတစ်လုံးဂိုးစည်းကို ကျော်မကျော် ပုံရိပ်ဖမ်းယူမယ့် ကိရိယာ ၁၄ ခု(ဂိုးတိုင်တစ်တိုင် ၇ ခုစီ)၊ ထိုအရာတွေနဲ့ ချိတ်ဆက်ထားမယ့် ကွန်ပျူတာ တစ်လုံး၊ ဒိုင်လူကြီးသုံးဦးအတွက် ဂိုးမဂိုး အချက်ပြမယ့် နာရီသုံးလုံးတို့ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရဲ့အားသာချက်က တိကျ၊ မြန်ဆန်၊ မှန်ကန်မှုနဲ့ ကုန်ကျစရိတ်သက်သာမှုပဲဖြစ်ပါတယ်။

ကင်မရာ ၁၄ လုံးဟာ တစ်စက္ကန့်အတွင်းမှာ ပုံရိပ်ပေါင်း ၅၀၀ ကို ဖမ်းယူထားနိုင်ပါတယ်။ ဂိုးစည်းကျော်၊ မကျော် ဆုံးဖြတ်ပေးမယ့် ကိရိယာလေးတွေကလည်း အလွန်ကို တိကျပါတယ်။ ဂိုးစည်းထဲဘောလုံးကိုယ်ထည်တစ်ခုလုံး ၀င်သွားမှ အချက်ပြမှာ ဖြစ်ပါတယ်။ ဘောလုံးက စည်းပေါ်မှာ ၀.၅ စင်တီမီတာ၊ လက်မရဲ့ လေးပုံတစ်ပုံလောက်ရှိနေရင်တောင် လုံးဝ အချက်ပြမှာ မဟုတ်ပါဘူး။ ဘောလုံးဂိုးစည်းကျော်သွားပြီဆိုတာရင်တော့ တစ်စက္ကန့်အတွင်းမှာပဲ ဒိုင်လူကြီးတွေရဲ့ လက်ပေါ်ကနာရီမှာ Goal ဆိုတဲ့ စာတန်းနဲ့အတူ တုန်ခါမှုကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးမစတင်မီ အကြိမ်ပေါင်း ၂၄၀၀ လောက်စမ်းသပ်ခဲ့ရာ မှာ တစ်ကြိမ်မှ အမှားအယွင်းမရှိခဲ့ပါဘူး။ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့ရာမှာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။ ဘရာဇီးက ဘောလုံးပြိုင်ကွင်း ၁၂ ကွင်းစလုံးမှာ ကိရိယာတွေ အစုံအလင် တပ်ဆင်ထားပြီးပါပြီ။

Mizzima Sport News