မဟာသန္တိသုခကျောင်းမှ သံဃာခုနစ်ပါးပျောက်ဆုံး၊ သံဃာငါးသိန်းကိုယ်စား အင်အားသုံးဖယ်ရှားဟုဆို

ပို့စ်တင်ချိန် - 6/13/2014 07:41:00 AM





ဇွန်လ ၁၁ ရက် မနက် ၁ နာရီတွင် မဟာသန္တိသုခကျောင်းတိုက်ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်အပါး ၃၀၀ နီးပါးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အား ချိတ်ပိတ်ခဲ့သည်။

ထိုကျောင်းတွင် သီတင်းသုံးနေသော ပီနန်ဆရာတော်၏ တပည့်ရင်းဖြစ်သည့် ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာခုနစ်ပါးမှာ ပျောက်ဆုံးလျက်ရှိနေပြီး ဆရာတော်များနှင့် နီးစပ်သည့် ဒကာ၊ ဒကာမများလည်း မည်သည့်နေရာသို့ ရောက်နေသည်ကို အတည်မပြုနိုင်သေးပေ။

သာသနာရေးရာနှင့် ၀ိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်ကမူ အဆိုပါသံဃာတော်များ မည်သည့် နေရာရောက်ရှိ သီတင်းသုံးနေသည်ကို မပြောဆိုသော်လည်း ထိန်းသိမ်းထားသည်ဟု အတည်ပြုကာ တည်ဆဲဥပဒေနှင့် အရေးယူမည်ဖြစ်သည်ဟု ပြောကြားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပြီး ငါးဦးပါဝင်သည့်အ ဖွဲ့က သာသနာရေးဦးစီးဌာနရုံးတွင် မွန်းလွဲ ၁ နာရီမှ စတင်ကာ မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးအကြံပေးပုဂ်္ဂိုလ် ဦးအံမောင်က ပီနံဆရာတော်ကြီးသည် ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်သည့်အပြင် ကျောင်းရှိ အခြားသံဃာများနှင့် လူပုဂ်္ဂိုလ်တို့အား ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် မဟာသံဃနာယကအဖွဲ့က ၀ိနည်းနှင့်အညီ အချိန်မီ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

သာသနာရေးဦးစီးဌာနအကြံပေး ဦးအံ့မောင်က “ပီနန်ဆရာတော်ကြီးနဲ့ တပည့်သံဃာတွေက ကျုးကျော် ၀င်ရောက်တဲ့အတွက် ဖယ်ရှားရခြင်းဖြစ်ပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ မဟနရဲ့ သံဃာတော်တွေကို အခန်းသော့ပေးဖို့ မပေးရင် ရိုက်နှက်မယ်ဆိုတဲ့ ခြိမ်းခြောက်တာတွေ ရှိလာတယ်။ ဒါဟာ ၀ိနည်းနဲ့လည်း မကိုက်ညီပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာတော်ငါးသိန်းရဲ့ကိုယ်စားဖယ်ရှားရခြင်း ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။

ထိုရှင်းလင်းပွဲတွင် သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ၁၉၉၄ ပီနန် ဆရာတော် မြန်မာပြည်သို့ ပြန်လည်ကြွလာစဉ်က အထပ် ၁၀ ထပ်ရှိ ကျောင်းတော်ဆောက်လုပ်ရန် သြ၀ါဒပေးပြီး ကော်မတီတစ်ရပ်ဖွဲ့ကာ နိုင်ငံခြားသို့ပြန်လည်ကြွရောက်သည်ဟု ပြောဆိုသည်။ ထို့နောက် ၁၉၉၅ ခုနှစ်တွင် ဒါယိကာ အငြိမ်းစားဗိုလ်မှူးကြီး ဦးစောမြင့်က တပည့်ဒကာ၊ ဒကာမများက ကျောင်းတော်ကြီးဆောက်လုပ်ရန် မတတ်နိုင်သဖြင့် နိုင်ငံတော်သို့ အပ်ခဲ့သည်ဟု ပြောဆိုသည်။ ထို့နောက် ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်က ကျောင်းတော်တည်ဆောက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာဆက်လက် ဆောက်လုပ်ခဲ့ပြီး ငွေလိုအပ်သဖြင့် စည်ပင်သာယာဘဏ်မှ ငွေကျပ် သိန်း ၂,၀၀၀ ထုတ်ချေးခဲ့သည်ဟု ပြောသည်။ ကျောင်းတော်ကြီးအတွက် ဆောက်လုပ်ငွေကျပ်သိန်း ၈,၅၀၀ ကျော် ကုန်ကျခဲ့ပြီး ပီနန် ဆရာတော် ဦးပညာဝံသနှင့် တပည့်ဒကာ၊ ဒကာမများ ထည့်ဝင်ငွေမှာ ကျပ်သိန်း ၁,၀၀၀ သာ ပါဝင်သည်ဟု ဆိုသည်။ ထို့ နောက် ကျောင်းတော်ကို နိုင်ငံတော်အကြီး အကဲကဖွင့်လှစ်ပေးခဲ့ပြီး သံဃာအဖွဲ့အစည်းကို လှူဒါန်းခဲ့ခြင်းဖြစ်သောကြောင့် ပီနန်ဆရာတော်ကြီးတစ်ပါးတည်း ပိုင်ဆိုင်သည်ဟုဆိုသည်မှာ ၀ိနည်းတော်နှင့် မကိုက်ညီကြောင်း ရှင်းလင်းသည်။

ထို့နောက် ကျောင်းတိုက်ကို ရှင်းလင်းဖယ်ရှားခဲ့ပုံကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိန်မော်က “ဇွန် ၁၁ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် နိုင်ငံတော် သံဃမဟာနာယကနဲ့ တိုင်းအစိုးရအဖွဲ့လမ်းညွှန်ချက်အရ ပီနန်ဆရာတော်၏ တပည့်များသီတင်းသုံးတဲ့ ခြောက်ထပ်ကို သွားပြီး ချိတ်ပိတ်ဖယ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။ ဖယ်ရှားရာမှာ သံဃာတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် သံဃာတော် ၂၈၁ ပါးဖြင့် ပီနန်ဆရာတော်ရဲ့တပည့်သံဃာတွေနှင့် လူပုဂ်္ဂိုလ်တွေကို ကျောင်းတိုက်ကနေ အပြီးဖယ်ရှားခဲ့ပါတယ်။ နေ့ခင်းဘက်ဆို အနီးဝန်းကျင်က နေထိုင်သူတွေ အနှောင့်အယှက်ဖြစ်မှာ စိုးတာရယ်၊ မလိုလားအပ်တဲ့ အဓိကရုဏ်းတွေဖြစ်ပေါ်လာမှာ စိုးတာရယ်ကြောင့် စည်းကမ်းထိန်း သံဃာတော်တွေနဲ့ နံနက် ၁ နာရီမှာ ထိန်းသိမ်း ဆောင်ရွက်ရတာဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်သီတင်းသုံးတဲ့ သံဃာတော်တွေ၊ လူ ပုဂ်္ဂိုလ်တွေကို လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူသွားမယ်။ လူပုဂ်္ဂိုလ် ၃၂ ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ခဲ့ပါတယ်။ မဟာသန္တိသုခကျောင်းတိုက်ကို မဟာနာယက လမ်းညွှန်ချက်အတိုင်း သာသနာရေးဝန်ကြီးဌာနက လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။

သို့သော်လည်း ဆရာတော်ဘုရား၏ တပည့်ရင်းတစ်ဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်လှလှမိုးကတော့ “၁၉၉၂ ခုနှစ်မှာ ပီနန်ကိုရောက်တော့ ကျွန်မတို့ ဆရာတော်ကြီးကို ဖူးမြော်ရပါတယ်။ ဆရာတော်ကြီးက မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ကယ်တင်ထားတယ်။ ကျွန်မတို့ ရောက်သွားတဲ့ အချိန်မှာလည်း ဆရာတော်ကြီးက ကျွန်မတို့ကို လိုလေသေးမရှိအောင် စောင့်ရှောက်ကူညီပါတယ်။ ဒါကြောင့် ကျွန်မက ဆရာတော်ကြီးကို မြန်မာပြည်ပြန်ကြွဖို့ ပင့်လျှောက်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄ ခုနှစ်မှာ နိုင်ငံတော်ကနေ ဆရာတော်ကြီးကို ဘွဲ့တံဆိပ်ကပ်လှူလို့ ဆရာတော်ကြီး မြန်မာပြည်ကို ပြန်ကြွခဲ့ပါတယ်။

ဆရာတော်ကြီး ပြန်ကြွလာတော့ နေစရာနေရာမရှိလို့ ဗိုလ်ချုပ်ခင်ညွန့်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဆီကို တောင်းလိုက်တော့ အခုနေရာကို ပေးတာပါ။ အဲဒီတုန်းက အဲဒီနေရာက အမှိုက်ပုံကြီးပါ။ အဲဒီအမှိုက်ပုံကို ဆရာတော်ကြီးရဲ့တပည့် ဒကာတွေ၊ ဒကာမတွေကပဲ ရှင်းလင်းပြီး အနုပညာသမားတွေကလည်း ကျွန်မတို့ တတ်တဲ့အနုပညာနဲ့ ရန်ပုံငွေတွေ ရအောင်ရှာခဲ့ကြပါတယ်။ ဆရာတော်ကြီးက နိုင်ငံခြားက လူတွေဆီကလည်း အလှူငွေတွေ ကောက်ခံခဲ့ပါတယ်။ အဲဒီကနေ မတည်ပြီး စခဲ့တာပါ။ အဲဒါက အမှန်တရားပါ” ဟု မဇ္ဈိမသတင်းစာ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ဒေါ်လှလှမိုးက ဆက်လက်ပြီး ၎င်းမြေသည် ဆရာတော်ကြီး၏ အမည်ပေါက်ဖြစ်ပြီး မဟနကကျောင်းတွင် တာဝန်ခံအဖြစ်ထားသည့် သံဃာများက ကျောင်းတိုက်ကြီးကို မင်္ဂလာပွဲများ ငှားရမ်းခြင်း၊ ရုပ်ရှင်ရိုက်ကွင်းများအဖြစ် ငှားရမ်းခဲ့ခြင်းကြောင့် ကျောင်းတိုက် ပျက်စီးမှုများ ရှိနေသည့်အပေါ်တွင် ဆရာတော်ကြီးက သဘောမတူကြောင်းလည်း ပြောကြားသည်။ ထိုကျောင်းတိုက်ကို ဆရာတော်ကြီးက မပိုင်ဆိုင်ဟုပြောကြားသဖြင့် ၎င်းတို့အလွန်အံ့သြခဲ့သည်ဟု ပြောကြားသည်။ ညဘက် အချိန်တွင် ဆရာတော်များအား အင်အားသုံးကာ အကြမ်းဖက်သည့်အပေါ်တွင် အလွန်အမင်းအံ့သြခဲ့ရပြီး၊ မယုံနိုင်လောက်သည့် အပြုအမူအဖြစ်လည်း ကန့်ကွက် ပြောကြားခဲ့သည်။

ထို့ပြင် မဟာသန္တိသုခကျောင်းတိုက်ကို အင်အားသုံးအကြမ်းဖက်သည့်အပေါ်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံတစ်နိုင်ငံတွင် မဟာသန္တိသုခ ကျောင်းတော်ကြီးကို အင်အားသုံးကာ အကြမ်းဖက်ချိတ်ပိတ်ခဲ့သည်မှာ လွန်စွာရုပ်ဆိုး အကျည်းတန်လှသည့်ဟု ပြောကြားလိုက်ပြီး ဤဖြစ်ရပ်ပေါ်တွင် နိုင်ငံတော်သံဃမဟာနာယကနှင့် ရန်ကုန်တိုင်းအစိုးရတို့တွင် တာဝန်ရှိသကဲ့သို့ ပြည်ထောင်စုအစိုးရတွင်လည်း တာဝန်မကင်းဟု ရေးသားဖော်ပြထားသည်။

နောက်ဆက်တွဲအဖြစ် ဆန့်ကျင်မှုများ၊ ဆန္ဒပြမှုများ ပေါ်ပေါက်လာနိုင်သည်။ ဘာသာရေးကိစ္စဆိုသည်မှာ အလွန်သိမ်မွေ့သည့်အတွက် တက်နိုင်သမျှ အညင်သာဆုံးနှင့် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းလည်း အကြံပြုထားသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် အပြည်ပြန်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်တွင် မဟာဝိဇ္ဇာတန်း တက်ရောက်နေသည့် ဦးဉဏိဿရကလည်း
“မဟာသန္တိသုခကျောင်းတိုက်မှာ ဦးပဉ္ဇင်း ဒီပလိုမာသင်တန်းတက်ခဲ့ဖူးတယ်။ အဲဒီမှာ တစ်နှစ်တက်တော့ သတင်းအစအနတွေ ကြားခဲ့တယ်။ ကျောက်စာတိုင်ကြီးမှာ ရေးထားတာကတော့ ရည်ရွယ်ချက်တွေက ကောင်းပါတယ်။ ဒါပေမဲ့ ဦးပဉ္ဇင်းတို့နေတဲ့အခါမှာ ဒီကျောင်းမှာ ရုပ်ရှင်တွေ ရိုက်တယ်၊ မင်္ဂလာဆောင်တွေကို ခန်းမငှားတယ်၊ နောက်ဦးပဉ္ဇင်းတို့ စာသင်သားတွေရဲ့ လာဘ်လာဘက အခက်အခဲတွေဖြစ်တယ်။ အောက်က reception မှာ အစောင့်ကျနေတဲ့ ဦးပဉ္ဇင်း ဦးဇဋိတလို့ခေါ်တဲ့ မဟနက ခန့်အပ်ထားတဲ့ ဦးပဉ္ဇင်းနဲ့ အဆင်မပြေဖြစ်ကြပါတယ်။ ဦးပဉ္ဇင်းတို့ နှစ်ကတော့ပြီးကာနီးမှာပဲ ဆွမ်းချိန်ရွေ့တဲ့ကိစ္စနဲ့ စကားများကြတာဖြစ်ခဲ့တယ်”ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။

သတင်းထောက်များ၏ မေးမြန်းချက်ကို ညအချိန်မတော် ၀င်ရောက်ဖမ်းဆီးသည့်ကိစ္စသည် ပြဿနာပိုကြီး မလာစေရန် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းတိုက်တွင် နေထိုင်သည့် ဘုန်းကြီးများထံတွင် တုတ်၊ ဓား လက်နက်များရှိသည်ဟု သတင်းကြားသဖြင့် အင်အားသုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ပြန်လည်ဖြေကြားသည်။

ထိုနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်နှင့်ပတ်သက်ပြီး သွားရောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားအဖွဲ့မှ ဦးထွန်းကြည်က “ညဘက်ကြီးမှာ လူဆိုးသူခိုးတွေကို ဖမ်းတဲ့ ပုံစံမျိုး ၀ရုန်းသုန်းကားနဲ့ဖမ်းတယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး” ဟု ပြောကြားခဲ့သကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်းကလည်း “လာဖမ်းတဲ့ ဘုန်းကြီးတွေက ထီးတွေနဲ့ ကွယ်ထားတယ်။ ဓာတ်ပုံအရိုက်မခံကြဘူး။ အဲဒါကို ကြည့်ရင် မရိုးသားတဲ့ကိစ္စဆိုတာ သိသာပါတယ်”ဟု ပြောကြားသည်။

Mizzima Burmese