စားသုံးရန် မသင့်သည့် တရုတ်စာတန်းပါ မုန့်ပဲသရေစာအချို့ မန္တလေးတွင် ပြုလုပ်နေ

ပို့စ်တင်ချိန် - 6/13/2014 01:30:00 PM


ကျန်းမာရေး နှင့် မညီညွတ်သော ပြည်သူလူထု စားသုံးရန်မသင့်သည့် တရုတ်နိုင်ငံမှ တင်သွင်းသည်ဟု ယူဆရသော တရုတ်စာတန်းပါ မုန့်ပဲ သရေစာ အချို့ကို မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ထုတ်လုပ်ရောင်းချ နေသည်ကို တွေ့ရှိနေ ရကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဆွေတင့်ကြူး က ပြောသည်။

ဇွန်လ (၁၂) ရက်နေ့က ပြုလုပ်သော စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောပွဲတွင် ဦးဆွေတင့်ကြူး က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်စာနဲ့ ထုတ်တဲ့မုန့် တွေကို တရုတ်နိုင်ငံက လာတာလားလို့ တကယ်တမ်း စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ တရုတ်ဘက်က ၀င်တာ မဟုတ်ဘူး။ ဒီမှာတင်လုပ်တယ် ဆိုတာတွေ့ ရပါတယ် ဒီလို ရည်ရွယ်ချက်ပါပါနဲ့ လုပ်ဆောင်ချက် တွေကို စနစ်တကျ စစ်ဆေးပြီးတော့ တည်ဆဲဥပဒေ အရ ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ် ဟု ၎င်း က ပြောသည်။

မန္တလေးမြို့ရှိ မန္တလေးဈေးချိုနှင့် ဈေးဆိုင် ဈေးတန်းများ၊ ကုန်စိမ်းတန်းများသို့ စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ ဆောင်ရွက်မှုများ အဖြစ် စစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် အာလူးကြော် အပါအ၀င် မုန့်ပဲသရေစာ အချို့တွင်ကုန် ထုတ်လုပ်ရက် မပါရှိခြင်း၊ အမှတ်တံဆိပ် မပါရှိခြင်း၊ ကြက်သားနှင့် သားငါးသီးနှံများတွင် ဆိုးဆေးများရှိ နေခြင်းတို့ကို စစ်ဆေးတွေ့ရှိ ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော် က ပြောသည်။

စားသောက်ကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အမှတ်တံဆိပ်၊ ထုတ်လုပ်သည့် ရက်စွဲ၊ ပါဝင်သည့် ပစ္စည်းများ အစရှိသည် တို့ကို စာတန်းမထိုး ထားပါက ကုန်ထုတ်လုပ်မှုကို ပိတ်သိမ်းသည် အထိ အရေးယူရန် စီစဉ်လျှက် ရှိပြီး၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံတွင် ယင်းကဲ့သို့ အမှတ်အသားများ မပါရှိပါက စက်ရုံလုပ်ငန်းအပေါ် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ပြစ်ဒဏ်အဖြစ် ဘတ်ငွေ ငါးသောင်းဒဏ်ရိုက်ကြောင်း ဦးဆွေတင့်ကြူး က ပြောသည်။

Messenger News Journal