မကွေးမြို့ ဆားရွှေကင်းရပ် ဧရာဝတီမြစ်အနီးရှိ ရေအိုင်အတွင်း မူလတန်းကျောင်းသားငါးဦး ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 6/13/2014 07:00:00 AM


Written by:
အောင်သူငြိမ်း
မကွေးမြို့ ဆားရွှေကင်းရပ် မီးရထားရုံးနှင့် မျက်နှာချင်းဆိုင် ကမ်းနားလမ်းအောက်ခြေရှိ ဧရာဝတီမြစ်ကမ်းမှ ရေအိုင်အတွင်း ဇွန် ၁၂ ရက် မွန်းလွဲပိုင်းက ရာဇမုနိတောင်ပေါ်ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မူလတန်းကျောင်းသားငါးဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းဘုန်းတော်ကြီးကျောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါကျောင်းမှာ ဥပုသ်နေ့တိုင်း ကျောင်းပိတ်လေ့ရှိပြီး အခင်းဖြစ်နေ့က ဥပုသ်နေ့ဖြစ်သောကြောင့် သေဆုံးခဲ့သော ကျောင်းသားများအနက် ညီအစ်ကိုအရင်းတော်စပ်သူ နှစ်ဦးမှ မိဘအိမ်သို့ ပြန်မည်ဟု ခွင့်ပန်၍ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ကျောင်းမှ ပြန်သွားခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းက မကွေးမြို့တွင် မိုးရွာသွန်းနေခဲ့ပြီး ညနေ ၄ နာရီခန့်တွင်မှ ကျောင်းသားများ ရေနစ်သေဆုံးသည်ကို သိခဲ့ရကြောင်း ရာဇမုနိတောင်ပေါ်ကျောင်းမှ ဆရာတော်တစ်ပါးက မိန့် ကြားသည်။

“ကမ်းနားမှာ မြစ်ရေကျတုန်းက ကျန်ခဲ့တဲ့ ရေအိုင်ထဲမှာ ကလေးတွေကို အသက်မရှိတော့ဘဲ တွေ့ခဲ့ရတာပါ။ နေ့လယ်ပိုင်းလောက်ကတည်းက ရေနစ်နေတာလည်း ဖြစ်နိုင်တယ်။ ရေအိုင်က မြစ်ကမ်းအောက်ခြေမှာ ကိုင်းခုံတွေနဲ့ကွယ်နေတော့ ဘယ်အချိန်မှာ သူတို့ဆင်းသွားတယ်ဆိုတာ သတိမထားမိလိုက်ဘူး။ ညနေပိုင်းကျမှ အနားဝန်းကျင်က လူတွေက ရေထဲမှာပေါ်နေတဲ့ ဦးခေါင်းတွေကို အုန်းသီးတွေထင်လို့ ဆင်းဆယ်မှ ကလေးတွေမှန်း သိခဲ့ရတယ် ပြောတယ်။ ဘယ်နှစ်ယောက်နစ်နေမှန်းမသိတော့ လေးယောက်ကို ပထမဆုံးဆယ်ရခဲ့ပြီး တစ်ယောက်ကတော့ အတော်ကြာမှ ရှာတွေ့ခဲကြတာပါ”ဟု အခင်းဖြစ်ရေအိုင်၏ အထက်ကမ်းနားလမ်း မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သော ကလေးများမှာ မကွေးမြို့ကျောက်ကုန်းရပ်နေ အဘ ဦးလှဌေးနိုင် ၏သားနှစ်ဦးဖြစ်သူ တတိယတန်းကျောင်းသား မောင်လှမင်းပိုင်၊ စတုတ္ထတန်းကျောင်းသား မောင်ဇော်ထက်အောင်၊ မကွေးမြို့ ရန်ကင်းရပ်နေ အဘ ဦးကိုလင်း၏ သားနှစ်ဦးဖြစ်သော ပထမတန်းကျောင်းသား မောင်အောင်ကြည်လင်း၊ တတိယတန်းကျောင်းသား မောင်ထက်လင်းနှင့် မကွေးမြို့ ရွာသစ်ရပ်နေ အဘ ဦးမြတ်သူ၏သား တတိယတန်း ကျောင်းသား မောင်ဘုန်းသန့်ကို တို့ဖြစ်ကြောင်း တောင်ပေါ်ကျောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်အား မကွေးမြို့ မြို့မရဲစခန်းမှ စခန်းမှူးက တရားလိုပြု၍ သေမှုသေခင်းအမှတ်စဉ် ၅/၂ဝ၁၄ ဖြင့် အမှုဖွင့်ထားပြီး ရုပ်အလောင်းများကို မကွေးတိုင်းဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးလျက်ရှိကြောင်း သေဆုံးခဲ့သူများအား ဇွန် ၁၃ ရက်တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

 News Eleven