နေမာ၊ အော်စကာတို့၏ သွင်းဂိုးများဖြင့် အဖွင့်ပွဲကို ဘရာဇီး အနိုင်ရ

ပို့စ်တင်ချိန် - 6/13/2014 06:01:00 PM


ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည့် ဘရာဇီး အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အဖွင့်ပွဲတွင် ပြိုင်ဘက် ခရိုအေးရှားကို
ပွဲချိန် အစောပိုင်းကတည်းက ဦးဆောင်ဂိုး ပေးလိုက်ရသောကြောင့် နောက်မှ လိုက်ကစား ခဲ့ရသေးသော်လည်း လူငယ် ကစားသမား များ ဖြစ်သည့် နေမာ၊ အော်စကာ တို့၏ သွင်းဂိုးများကြောင့် အဖွင့်ပွဲကို ဂိုးပြတ် အနိုင်ရကာ အဖွင့်လှပခဲ့သည်။


ဘရာဇီး အသင်း နည်းပြချုပ် စကိုလာရီသည် ပုံမှန်အသုံးပြုနေကျ လူစာရင်းဖြစ်သည့် နေမာ၊ ဟော့ခ်၊ ဖရက်ဒ်၊ ပေါ်လင်ဟို၊ အော်စကာ၊ ဂူစတာဗို၊ အဲလ်ဗက်စ်၊ မာဆယ်လို၊ ဒေးဗစ်လုဇ်၊ သီယာဂိုဆေးဗားလ်၊ ဆီဇာ တို့ကိုပင် ပွဲထုတ်ခဲ့သည်။ ခရိုအေးရှားတွင်မူ အဓိက တိုက်စစ်မှူး မန်ဇူကစ် ပွဲကယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်သဖြင့် ဂျီလာဗစ်က တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ရာကီတစ်၊ မိုဒရစ်တို့ကို ပွဲထုတ်ကာ ဘရာဇီးကို ရင်ဆိုင်ခဲ့သည်။

ဘရာဇီး အသင်းအနေဖြင့် ပွဲအစကတည်းက ကွင်းလယ်ပိုင်း အသာစီး ရယူကာ ပွဲကိုထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အစောပိုင်း မိနစ်များတွင် ခရိုအေးရှား၏ တန်ပြန်တိုက်စစ်များကို အသည်းအသန် ထိန်းချုပ်ခဲ့ရသည်။ ဘရာဇီး၏ ရှေ့တက်လွန်းသော တောင်ပံတိုက်စစ်များကြောင့် ခံစစ်ကြောင်းတွင် ဟာကွက်များ ဖြစ်ပေါ်ခဲ့ပြီး ယင်းဟာကွက်ကို ခရိုအေးရှား အသင်းက ထိထိရောက်ရောက် အသုံးချခဲ့ သောကြောင့် စောစောစီးစီး ဦးဆောင်ဂိုးပင် ရခဲ့သည်။ ခရိုအေးရှား အသင်းသည် ယခုပွဲတွင် တန်ပြန်တိုက်စစ်ကို အားပြု ကစားခဲ့ပြီး တောင်ပံများမှ ဖြတ်တင်ဘောများကို အားကိုးခဲ့သည်။ အထူးသဖြင့် ၀ါရင့်တိုက်စစ်မှူး အိုလစ်၏ ဘယ်ခြမ်းမှ အဓိက ထိုးဖောက်ခဲ့သည်။ ပထမပိုင်းတွင် အိုလစ်ခြေစွမ်းပြ နိုင်သောကြောင့် ခရိုအေးရှားတို့ ဘရာဇီး ခံစစ်ကြောင်းကို ဖိအားပေး နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ ထိရောက်မှု သိပ်မရှိခဲ့ပေ။

ဘရာဇီးမှာမူ ပွဲအစပိုင်းတွင် ကစားကွက်တည်ရန် ခက်ခဲနေခဲ့ပြီး နောက်ပိုင်းတွင်မှ ပွဲကို ထိန်းချုပ်လာနိုင်ခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် အဖွင့်ဂိုး ခွင့်ပြုခဲ့ရပြီးနောက်ပိုင်းတွင် ဘရာဇီးတို့ ဂိုးရရန်အတွက် သိသိသာသာ အားစိုက်လာခဲ့ပြီး အခွင့်အရေးများကိုလည်း ရရှိလာခဲ့သည်။ ဘရာဇီး အသင်းတွင် အထူးခြေစွမ်းပြ ကစားခဲ့သူမှာ နေမာဖြစ်ပြီး နှစ်ဂိုးသွင်းယူ ပေးခဲ့သည်။ ဘရာဇီး အနေဖြင့် နေမာနှင့် ဟော့ခ်တို့ နောက်ထိဆင်းကာ ချိတ်ဆက် ကစားနေသောကြောင့် ကစားကွက် တည်၍ရခဲ့ခြင်း ဖြစ်ပြီး ကွင်းလယ်လူများ ဖြစ်သည့် ပေါ်လင်ဟိုနှင့် ဂူစတာဗိုတို့မှာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပေ။

ခရိုအေးရှား ခံစစ်ကြောင်း အနေဖြင့် အစောပိုင်းတွင် ဘရာဇီး၏ ဖြတ်တင်ဘောများကို အကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့ သော်လည်း နောက်ပိုင်းတွင် စွမ်းဆောင်ရည် တဖြည်းဖြည်း ကျလာခဲ့သည်။ ဘရာဇီးအတွက် ချေပဂိုးကို ပွဲချိန် ၂၈ မိနစ်တွင် နေမာက တစ်ကိုယ်တော် အစွမ်းဖြင့် ဧရိယာအပြင်ဘက်မှ လှလှပပ ကန်သွင်းသွားခဲ့ခြင်း ဖြစ်သည်။ ဘရာဇီး အတွက် ဒုတိယဂိုးကိုလည်း နေမာကပင် ပွဲချိန် ၇၀ မိနစ်တွင် ဖရက်ဒ်ကြောင့် ရသည့် ပင်နယ်တီကို ကန်သွင်းကာ ရယူပေးခဲ့သည်။ ဘရာဇီးအတွက် ပွဲသိမ်းဂိုးကိုမူ အော်စကာက နာကျင်အချိန်ပို ၂ မိနစ်ရောက်မှ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ခရိုအေးရှားအတွက် တစ်လုံးတည်းသော ဦးဆောင်ဂိုးကို ပွဲချိန် ၁၀ မိနစ်ကတည်းက အိုလစ် ဖြတ်ခင်းပေးသည်ကို ဂျီလာဗစ် ပိတ်သွင်းမှု မသေသပ်ရာမှ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်း ဖြစ်သည်။

Mizzima Sport News