ကမ္ဘာ့ဖလားပြိုင်ကွင်းများ စိတ်ချရသည့် အနေအထားမရှိသေး

ပို့စ်တင်ချိန် - 6/13/2014 06:02:00 PM


အောင်ငြိမ်းသွေး
ဘရာဇီး၊ ဇွန် ၁၂

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်ကျင်းပနေပြီ ဖြစ်သော်လည်း ဘရာဇီးနိုင်ငံရှိ အားကစားပြိုင်ကွင်းအချို့မှာ ယခုအချိန်အထိ စိတ်ချရ သည့်အနေအထားတွင် မရှိသေးကြောင်း ဂိုးဒေါ့ကွန်းက ဖော်ပြခဲ့သည်။

ဖွင့်ပွဲကျင်းပခဲ့သည့် ဆာအိုပေါ်လိုမြို့ရှိ ကိုရင်သီယန်အားကစားကွင်းတွင် လိုအပ်ချက်များရှိနေသေးသကဲ့သို့ ကင်မရွန်းနှင့် မက္ကဆီကိုတို့ ယှဉ်ပြိုင်ကြမည့် အရီနာဒက်စ်ဒူနက်စ်ကွင်းမှာ လည်း ယခုအချိန်အထိ ပြီးပြည့်စုံခြင်း မရှိသေးပေ။
ကင်မရွန်းအသင်းနှင့် မက္ကဆီကိုအသင်းတို့သည် ယနေ့သောကြာနေ့ည ၁၀း၃၀ တွင် အရီနာဒက်စ်ဒူနက်စ်ကွင်းတွင် ယှဉ်ပြိုင် ကစားကြတော့မည်ဖြစ်သည်။


ကမ္ဘာ့ဖလားပြိုင်ကွင်းများ တည်ဆောက်ရေး ကုမ္ပဏီ ဆီကိုပါ၏ အထွေထွေအတွင်းရေးမှူးက ပြိုင်ပွဲကျင်းပမည့် ကွင်းအားလုံး အဆင်သင့်ဖြစ်နေပြီဟု ပြောဆိုထားသည်။ သို့သော် ပရိသတ်များလုံခြုံစိတ်ချရမှုအတွက် မီးသတ်ဌာနမှ အတည်ပြုလက်မှတ် ရေးထိုးပေးခြင်း မရှိသေးကြောင်း ဆီကိုပါကုမ္ပဏီက ၀န်ခံထားသည်။

ပြိုင်ပွဲကျင်းပရေးတာဝန်ခံများသည် ကွင်းများ၏အဆုံးသတ် အခြေအနေများကို နောက်ဆုံးအကြိမ်လာရောက်စစ်ဆေးရန် လိုအပ်နေသော်လည်း အရာအားလုံးပြီးပြည့်စုံပြီဟု ဆိုကာ လာရောက်ကြည့်ရှုစစ်ဆေးခြင်းမရှိသည့်အတွက် မီသတ်သမားများ က လက်မှတ်မထိုးပေးခြင်းဖြစ်သည်။

ဖွင့်ပွဲကျင်းပခဲ့သည့် ကိုရင်သီယန်ဘောလုံးကွင်းတွင်လည်း လိုအပ်ချက်အနည်းငယ် ရှိနေသေးသည့်အတွက် မီးသတ်သမားများက လက်မှတ်ရေးထိုးပေးခြင်း မရှိခဲ့ပေ။ ကိုရင်သီယန်ကွင်းသည် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သော်လည်း ထိုင်ခုံအချို့မှာ အပြီးသတ်နိုင်ခြင်းမရှိသေးပဲ ယာယီထိုင်ခုံများ တပ်ဆင်ထားခြင်းဖြစ်သည်။

ဖွင့်ပွဲအတွက် လက်မှတ်ရောင်းချထားသော ကိုရင်သီယန်ကွင်းရှိ ထိုင်ခုံပေါင်း ၆၈,၀၀၀ တွင် ၈,၀၀၀ ခန့်မှာ ယာယီထိုင်ခုံများတပ်ဆင်ထားခြင်းဖြစ်သည်။

ရည်ညွှန်း ဂိုးဒေါ့ကွန်း
Ref: goal
Mizzima Sport News