မဟာသနိ္တသုခကျောင်းပိုင်ဆိုင်မှုအတွက် သာသနာ့အသက် ၀ိနည်းတရားတော်ကို ဖျက်ကြမည်လော – ဦးဓမ္မ

ပို့စ်တင်ချိန် - 6/13/2014 06:26:00 PM


ဝိနည်းတော်ကို ဖောက်ဖျက်ခိုင်းလျှင် သာသနာတော်ကို ပျက်အောင်ပြုသည်နှင့် မခြားဖြစ်ကြပါမည်။ သာသနာ မပြုနိုင်စေကာမူ သာသနာဖျက်ရာရောက်လျှင် သံသရာ၌ အပြစ်ကြီးလေးလှပါသည်။
သံဃာသင်းခွဲသည်အထိ ရောက်ရှိသွားပါမူ ပဉ္စာနန္တရိယကံကြီးထိုက်သည်အထိ အပြစ်ကြီးလေးပါသည် …


အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရ မကွေးဆရာတော် ဘုရားကြီးက သြ၀ါဒကထာ ချီးမြှင့်ရာ၌ ““သြ၀ါဒမပေးမီ ညကပဲ သြ၀ါဒါစရိယဆရာတော်တွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ ဆရာတော်များက မိန့်တော်မူပါတယ်။

နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သို့ အပ်နှံပါသည်ဆိုတဲ့ နေရာမှာ နောင်မှတ်တမ်းတင်ရင်တော့ “သို့” ဟူသော “ကံပုဒ်”အစား “အား”ဟူသော “သမ္ပဒါန်”ပုဒ်ဖြင့် ပြင်ပြီး မှတ်တမ်းတင်ပါလို့ မိန့်တော်မူကြပါတယ်။

ဒါကြောင့်မှတ်တမ်းတင်တဲ့အခါမှာလည်းပဲ ““နိုင်ငံတော်အစိုးရကဤကျောင်းတော်ကြီးကို နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ကြီးအား အပ်နှံလှူဒါန်းပါသည်လို့ မှတ်တမ်းတင်ရန် ကြိုတင်သိစေပါတယ်”” ဟု အပ်နှံမှု . . .

အမည်နာမအားဖြင့် တည်ငြိမ်လှပါသည်။ မဟာ-ကြီးသော+သနိ္တ-ငြိမ်းအေးသော+ သုခ-ချမ်းသာဟူသည့် မြန်မာ အဓိပ္ပာယ်များ အသီးသီး ကိုပေါင်းသော် (အေးငြိမ်းချမ်းသာ ကျောင်းတော်မဟာ)ဖြစ်၍ မြန်မာ အဓိပ္ပာယ် လည်း လှပပါသည်။ သနိ္တပုဒ်မှာ နိဗ္ဗာန်၏ အမည်ထူး တစ်မျိုးဖြစ်သဖြင့် (ကြီးမြတ်သည့် နိဗ္ဗာန်ချမ်းသာ)ဟု အနက် အဓိပ္ပာယ် ယူသော်လည်း သင့်လျော်ကောင်းမွန်ပြီးဖြစ်သည်ကို တွေ့ရှိရ၏။

ပါဠိစာလုံးလှပမှု၊ မြန်မာအဓိပ္ပာယ် လေးနက်မှုရှိလှသည့် မဟာသနိ္တသုခကျောင်းတော် ကြီးမှာမူ ယခုအခါ မငြိမ်းချမ်းဘဲ ဖြစ်နေပါ သည်။ ကျောင်းဒါယကာ အလှူရှင်များအပါအ၀င် ကြားမြင်သိရှိရသူအပေါင်းမှာလည်း စိတ်နှလုံး မချမ်းမြေ့ဘဲ ရှိနေကြရပါသည်။ မဟာသနိ္တ သုခ ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာစောင်များ၌ ဖော်ပြ နေသော သတင်းများမှာလည်း သတင်းပေးသူဘက်က အာဘော်များ သာဖြစ်နေသည်ကို တွေ့ရှိရပါ သည်။ မပြည့်မစုံ မမှန်မကန်ရေးသား ဖော်ပြနေမှုကြောင့် ဖတ်ရှုရသူ ဗုဒ္ဓဘာသာဝင်များ မပြစ်မှားထိုက်သူ များအပေါ် ပြစ်မှားမိကာ အကုသိုလ်မပွားစေရန် အတွက် ကျောင်းတော်ကြီး စတင်သည်မှ ရေစက်ချသည်အထိ အစအဆုံး သိရှိသူ တစ်ဦးအနေနှင့် ဤသတင်းဆောင်းပါးကို ရေး သားရခြင်းဖြစ်ပါ၏။

၁၉၉၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ တွင်ကျင်းပပြုလုပ်သည့် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် ပွဲအခမ်း အနားသို့ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းမှုခံယူရန် မြန်မာနိုင်ငံသို့ ကြွရောက် လာသည့် ပီနန်ဆရာတော်က ““ပြည်ပသာသနာပြုရန် ရဟန်းတော်များ သင်တန်းကျောင်း တစ် ကျောင်း ပေါ်ပေါက်လာရင် ကောင်းမည်””ဟု မိန့်ကြားသည်ဟု ဆိုပါသည်။ ထိုစကားအကြောင်းခံဖြင့်ပြည် ပသာသနာပြု သင်တန်းကျောင်းဖြစ်မြောက်ရေး အဖွဲ့တစ်ဖွဲ့ကို သရေစည်သူဦးစောမြင့် ခေါင်းဆောင်၍ ဖွဲ့စည်းဆောင် ရွက်ခဲ့သော်လည်း ၁၉၉၅ခုနှစ်ထိ ကျောင်းကိစ္စအစ ပေါ်မလာခဲ့ပါ။ သရေစည်သူ ဦးစောမြင့်၏ အကြံ ပြုချက်၊ ကမက ထပြုချက်ဖြင့် နိုင်ငံတော် အကြီးအကဲထံ မေတ္တာရပ်ခံတင်ပြခွင့်ရရှိခဲ့ ပါသည်။ ကျောင်းတော်ကြီး ဆောက်လုပ်ရန် မြေနေရာနှင့် ကြီးမားခံ့ထည်သည့် ကျောင်းတော်ကြီးဖြစ်ပေါ်လာရေးမှာ နိုင်ငံတော်၏ အကူအညီရရှိမှသာ အောင်မြင်နိုင်မည်ဟု သဘောပေါက်ခဲ့ကြ၏။…

ဦးစောမြင့်က ပုဂ်္ဂိုလ်တစ်ဦး တစ်ယောက်အတွက် မဟုတ်ဘဲ သာသနာတော်တစ်ရပ် လုံးအတွက် အမှန် တကယ်လိုအပ်နေေ သာ ပြည်ပသာ သနာပြု ကျောင်းတော်ကြီးကို စိတ်ဝင်စားသည့်အလျောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ လမ်းညွှန်မှုပြုခဲ့သောေ ကြာင့် ကျောင်းတော်ကြီးဖြစ်ပေါ် ရန်သနိ္နဋ္ဌာန် တစ်ခုကို ဆုပ်ကိုင်မိခဲ့သည်ဆိုရပါမည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံးက ၂၆-၁၀-၁၉၉၆ ရက်စွဲပါ စာအမှတ် ၄၀၈/၃-၂/န၀တဖြင့် ကျောင်းတော်ကြီးတည် ဆောက်လှူဒါန်းရေးနာယကအဖွဲ့၊ တည် ဆောက်ရေး ဦးစီးကော်မတီတို့ကို ဖွဲ့စည်း ပေးခဲ့ပါသည်။

ဦးစောမြင့်သည် အကျိုးဆောင်တစ်ဦးအနေဖြင့် ကျောင်းတော်ကြီး ဆောက်လုပ်ရန်သင့်လျော် လျောက်ပတ် သည့် မြေနေရာရရှိရေးအတွက် သာသနာ့ မြေဂရန် ချပေးပါရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးအဖွဲ့သို့ လျှောက်ထားခဲ့ပါသည်။ ထိုအချိန်က ရန်ကုန်မြို့တော်တွင် ကျူးကျော် နေအိမ်များကို မြို့သစ်များ၌ နေရာချ ထား ပေးလျက်ရှိရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၌ မြေနေရာရွေး ချယ် ပေးခဲ့ သည်။ စောင့်ရှောက်ထိန်းသိမ်းရန် ဂေါပကဥက္ကဋ္ဌအမည်ဖြင့် မြေဂရန်ချထား ပေးခြင်း ဖြစ်ရာ ၁၉၉၅ခုနှစ်၊ အောက်တိုဘာ လ ၃၁ ရက်စွဲပါရှိသည့် မြေတိုင်းရပ်ကွက် အမှတ် ၃၄ F ၊ မြေကွက်အမှတ် ၈၀၇/၁-၂ မြေဧရိယာ ၂ ဒသမ ၀၀၀ ဧကကို တိပိဋကနိ ကာယသာသနာပြု ဥပဋ္ဌာကအဖွဲ့ဥက္ကဋ္ဌ ဦး စောမြင့်က ဂရန်စာချုပ် လက်မှတ်ရေးထိုး၍ ထုတ်ယူပေးခဲ့ပါသည်။ ကျောင်းတော်ကြီး အမည်နာမ မသတ်မှတ် ရသေး သောကြောင့် မြေဂရန်၌ ကျောင်း အမည်ကို စင်ကာပူ ပီနန်ကျောင်းတိုက်ဟူ၍ အမည်ထည့်ခဲ့ သည်ဆို၏။ တစ်ဖန် ၁၄-၁၂-၂၀၀၁ရက် စွဲပါ မြေယာအပိုင် ပတ္တာစာချုပ်ကိုလည်း မြေဧရိယာ ၂၆၇ဧကတိုး၍ စုစုပေါင်း ၂ ဒသမ၂၆၇ဧကကို အခွန်လွတ် သာသနာ့ မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ၉-၅-၂၀၀၁ရက်စွဲ ပါစာ အမှတ်၊ ၂၀၀/၂-၇/ဦး ၁ အမိန့်ကြော်ငြာစာကို ကိုးကား၍ မဟာသနိ္တသုခ (စင်ကာပူပီနန်) ကျောင်းအမည်ဖြင့် ထပ်ဆင့်ချထား ပေးခဲ့ပါသည်။

မဟာသနိ္တသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်တွင် တည်ရှိပြီး မြေဧရိယာအကျယ်အ၀န်းမှာ ၂ဒသမ၂၆၇ဧကဖြစ်ပါသည်။ အထပ်အမြင့် ဆယ်ထပ်ရှိ ကျောင်းတော်ကြီးကို၂၇-၁၁-၁၉၉၆ရက်နေ့တွင် ပန္နတင်၍ရတနာအုတ်မြစ်စီ ဆောက်လုပ်ခဲ့ရာ ၃နှစ်ခန့် အကြာ ၁၇-၁၂-၁၉၉၉ ရက်နေ့ တွင် ပြီးစီးအောင်မြင်ခဲ့ပြီးဖွင့်လှစ် ပွဲကျင်းပ ၍ ၁၈-၁၂-၁၉၉၉ရက်နေ့တွင် ကျောင်းတော် ကြီးကို သာသနာတော်အား လှူဒါန်းသည့် အခမ်းအနားကျင်းပနိုင်ခဲ့ပါသည်။

နိုင်ငံတော်ကကြီးမှူး၍ ကျောင်းတော် ကြီးတည်ဆောက်ရာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကျပ်သိန်း ၁၀၀၀၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီး ဌာ နက ကျပ်သိန်း၁၀၀၀၊ အေးရှားဝေါလ်ကုမ္ပဏီက ကျပ်သိန်း ၁၄၀၀၊ နိုင်ငံတော်ကကြီး မှူး အလှူခံပေးသဖြင့် ပြည်တွင်းပြည်ပမှ စေတနာရှင်များက ကျပ်သိန်း ၂၁၀၀ခန့်၊ ဆောက်လုပ်ရေး ပစ်္စည်းလှူဒါန်းမှု ကာလ ပေါက်ဈေးကျပ်သိန်း ၁၅၀၀ခန့်နှင့် ပီနန် ဆရာ တော်ကြီး ၏ နိုင်ငံခြားမှ ဒါယကာ၊ ဒါယိကာမများက ကျပ်သိန်း ၁၀၀၀စုစုပေါင်း ကျပ်သိန်း ၈၀၀၀ခန့် အလှူခံရရှိငွေဖြင့် ဆောက်လုပ်ခဲ့ပါသည်။ ကျောင်းတော်ကြီး၏ မြေနေရာ တန်ဖိုးမပါသေးဘဲ အဆောက် အအုံဆောက်လုပ်မှု ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၁၀၀၀၀ခန့် ဖြစ်သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှစိုက် ထုတ် ငွေကျပ်သိန်း၂၀၀၀ ချေးယူခဲ့ရပါသည်။ ယင်းချေးယူငွေကျပ်သိန်း၂၀၀၀ကို လည်း မဟာသနိ္တသုခ ကျောင်းတော်ကြီး အောင်မြင်ပြီးနောက် လစဉ်အလှူငွေဖြင့် အလီလီပြန်လည် ပေးဆပ်ခဲ့ရာ နှစ်ပေါင်း ၁၀နှစ် တိုင်ပေးဆပ်ခဲ့ရပြီး ၁၆-၃-၂၀၁၂ ရက်နေ့တွင် အကြွေးအားလုံးအကျေ ဆပ် နိုင်ခဲ့ပါသည်။ ဤသည်ကိုကြည့် လျှင်တစ်ဦး တစ်ဖွဲ့တည်းက လှူဒါန်းခြင်းမဟုတ်သကဲ့ သို့ပုဂ်္ဂိုလ်တစ်ဦးတည်းသို့ ရည်ရွယ်လှူဒါန်း ခြင်းလည်း မပြုပါဘဲ အဘယ်ကြောင့် တစ်ဦးတည်းပိုင်ဟု ရည်ညွှန်းပြောဆိုကြပါ သလဲဟု မေးစရာဖြစ်နေပါသည်။

မြန်မာနိုင်ငံ၌ ပထမဆုံး တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိကဖြစ်သော မင်းကွန်း ဆရာတော်ကြီးမှာ ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် အဖြေ ၀ိဿဇ္ဇက ဆရာတော်ဖြစ်ပါသည်။ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အကျိုးတော် ဆောင်အဖြစ်လည်း တာဝန်ထမ်းဆောင်တော်မူသည့် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တ ၀ိစိတ္တသာ ရာဘိဝံသ မင်းကွန်းဆရာတော် ဘုရားကြီး သည် နိုင်ငံတော်ပရိယတိ္တ သာသနာ့တက္ကသိုလ်ကြီး ၂ခုကို မြန်မာနိုင်ငံအောက်ပိုင်းစာသင်သားများအတွက် ရန်ကုန်မြို့၊ သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေ၌ လည်းကောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း စာသင်သားများ အတွက် မန္တလေးမြို့၊ မန္တလေးတောင်ခြေ၌ လည်းကောင်း တည်ထောင်နိုင်ရေးဦးစီး၍ ဆောင်ရွက်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှု ဖြင့် မြန်မာနိုင်ငံဒေသအနှံ့မှ စေတနာရှင် အလှူရှင်များသည် ဆရာတော် ဘုရားကြီး ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို လေးစားကြည်ညိုလျက် စေတနာ ထက်သန်စွာ လှူဒါန်းမှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမည်နာမများ ကမ္ပည်းထိုးထားသည့် ၀ိဇ္ဇာလယကျောင်း တော်ကြီးများကို တိ-နိဥပတ္ထမ္ဘက၊ တိနိ ဥပဋ္ဌာကအဖွဲ့များ အကူအညီဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ နိုင်ငံတော် ပရိယတိ္တ သာသနာ့တက္ကသိုလ်ကြီးများ ပေါ်ထွန်းလာမှုသည် ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီး ၏ ကျေးဇူးတော်ဖြစ်ပြီး ယင်းကျေးဇူးတော်ကား သာသနာတော်အတွက် ကြီးမားလှပေစွ။

ထို ပရိယတိ္တတက္ကသိုလ်ကြီးများသည် မင်းကွန်းဆရာတော်ကြီး၏ ဦးဆောင်ဦး ရွက်ပြုမှုဖြင့်ဖြစ် တည်လာခြင်း ဖြစ်ရာ မင်းကွန်းဆရာတော်ကြီးအား ပုဂ်္ဂိုလ်ရေးအရ လေးစားယုံကြည်မှုဖြင့် လှူဒါန်းကြခြင်း အပေါ်မင်းကွန်း ဆရာတော်ဘုရားကြီးသည် မိမိ၏ သိက္ခာဂုဏ်ဝါအတွက် အသုံးမပြု၊ မိမိအားအစွမ်းကြောင့် ဖြစ်ပေါ်မှုကို မိမိ၏ ပုဂ္ဂလိက တပည့်များ လက်ထဲမထည့်၊ အနာဂတ် အဆက်ဆက် အရှည်မျှော်ကိုးလျက်အား လုံးပြီးပြည့်စုံသော အခါ နိုင်ငံတော် ပရိယတိ္တသာသနာ့တက္ကသိုလ်ကြီး ၂ခုကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သို့ ရေ စက်ချ အပ်နှံလှူဒါန်းစေ၍ သာသနာရေး ၀န်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်သို့တာ ၀န်ပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်များ၊ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ဥပါသကာ အဖွဲ့ဝင်များ ပါဝင်သည့် တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့ဖြင့် ပံ့ပိုးကြီးကြပ်ထိန်းသိမ်း ဆောင် ရွက်စေခဲ့ပါ သည်။ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကလည်း အဖွဲ့အနေနှင့်သာ ကြီးကြပ်ထိန်း မတ်ပေးရုံသာ ဆောင် ရွက်ပြီး တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့က သာပရိယတိ္တတက္ကသိုလ်ကြီး၂ခုကိုထိန်းသိမ်း ခြင်း၊ သင်ကြား စီမံခြင်း၊ ဆွမ်းကွမ်းဝေယျာ ၀စ္စဆောင်ရွက်ခြင်းတို့ကို အလှူရှင်တို့၏ နိဗဒ္ဓအလှူငွေပဒေသာပင်ဖြင့် အဓိကရပ် တည်ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော် ပရိယတိ္တသာသနာ့ တက္ကသိုလ်ကြီးများ ကို၁၉၈၆ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့၍ ယခု ၂၀၁၄ခုနှစ်အထိ နှစ်ပေါင်း၂၈နှစ် ကာလ ကို ဖြတ်ကျော်ကာ ပရိယတိ္တပညာရေး ဗဟို မဏ္ဍိုင် သဖွယ်ရှေ့သို ဆက်လက်ချီတက် နေဆဲ ဆက်လက်ချီတက်လတ္တံ့ ဖြစ်ပါ သည်။ သာသနာ့အာဇာနည် အရှင်မြတ် များ မွေးထုတ်ပေးနေသည့် ပရိယတိ္တသာသနာ့ တက္ကသိုလ်ကြီးများဖြစ်ရာ အနာဂတ် သာသနာတော် အတွက်ပင် မျှော်မှန်းဝမ်း မြောက်ဖွယ်ရာ အဖြစ် တွေ့ရှိနိုင်ပါသည်။

နိုင်ငံတော်ပရိယတိ္တ သာသနာ့တက္ကသိုလ်၂ခု (ရန်ကုန်)(မန္တလေး)နှင့် ရန်ကုန်မြို့ စွယ်တော်မြတ်အနီးရှိ အပြည် ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးတို့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ကြီးကြပ်မှု အောက်တွင် သာသနာရေးဝန်ကြီးဌာနက ဥပတ္ထမ္ဘကအဖြစ် အနီးကပ်ပံ့ပိုး မှုပြုလျက်ရှိပါသည်။ ထိုနည်းအလား တူ မဟာသနိ္တသုခ ကျောင်းတော်ကြီး၏ ပြည်ပသာသနာ ပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ထိန်းသိမ်းကြီး ကြပ်မှု လိုအပ်သဖြင့် ၂၅-၁၁-၂၀၀၂ ရက်နေ့တွင် မဟာသနိ္တသုခ ကျောင်းတော်ကြီး တည်ဆောက်လှူဒါန်း ရေး နာယကဖြစ်သည့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအတွင်းရေးမှူး(၁)ကိုယ်တိုင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့အား အပ်နှံလှူဒါန်းခဲ့ပါသည်။ ထိုအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့၊ အကျိုးတော်ဆောင် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရ မကွေး ဆရာတော်ကြီး အမှူးပြုသည့် သြ၀ါဒါစရိ ယဆရာတော်များ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁)နှင့် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဥပတ္ထမ္ဘက အဖွဲ့ဝင်များ၊ အလှူရှင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး အခမ်း အနားကျင်းပပုံများကို ၂၆-၁၁-၂၀၀၂ ရက်နေ့ထုတ်သတင်းစာများတွင် အပြည့်အစုံပါရှိသည် ကိုလေ့လာတွေ့ ရှိနိုင်ပါသည်။

ယင်းလှူဒါန်းပွဲတွင် ထိုစဉ်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိ ဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာ ရမကွေးဆရာတော်ဘုရားကြီးက သြ၀ါဒ ကထာချီးမြှင့်ရာ၌ ““သြ၀ါဒမပေးမီ ညကပဲ သြ၀ါဒါစရိယဆရာတော်တွေနဲ့ တိုင်ပင် ကြည့်တဲ့အခါ ဆရာတော်များက မိန့်တော် မူပါတယ်။ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သို့ အပ်နှံပါသည်ဆိုတဲ့ နေရာမှာ နောင်မှတ်တမ်း တင်ရင်တော့ “သို့” ဟူသော “ကံပုဒ်” အစား “အား” ဟူသော “သမ္ပဒါန်ပုဒ် ဖြင့်ပြင်ပြီးမှတ်တမ်းတင်ပါလို့ မိန့်တော်မူ ကြပါတယ်။ ဒါကြောင့် မှတ်တမ်းတင်တဲ့ အခါမှာလည်းပဲ““နိုင်ငံတော်အစိုးရက ဤကျောင်းတော်ကြီးကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးအား အပ်နှံလှူဒါန်း ပါသည်လို့ မှတ်တမ်းတင်ရန် ကြိုတင်သိ စေပါ တယ်””ဟု အပ်နှံမှုကို စနစ်ကျစေရန် နှင့်စကားလုံး တိကျခိုင်မာမှုရှိစေရန် ၀ိနည်းတော်နှင့် ညီညွတ်အေင် သြ၀ါဒမိန့်ကြား ချက်လည်း အထင်အရှားရှိခဲ့ပါသဖြင့် ဆရာတော်ကြီး များက ကျောင်းတော်ကြီးအပ်နှံမှု နှင့်ပတ်သက်၍ သေချာစွာစဉ်းစား ဆောင်ရွက်ခဲ့ကြောင်း ပေါ်လွင်ပါသည်။

ယင်းလှူဒါန်းပွဲ၌ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကိုယ် စားအတွင်းရေးမှူး(၁) ဗိုလ်ချုပ် ကြီး ခင်ညွန့် လျှောက်ထားခဲ့ရာ၌လည်း ““နိုင်ငံတော်မှ တည်ထောင်ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတိ္တ တက္ကသိုလ်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီး များသည် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုအောက်တွင် ရှိနေကြ သကဲ့သို့ ယခုဆောက်လုပ်လှူဒါန်း ထားသည့် မဟာသနိ္တသုခ ဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီးသည်လည်း ““နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား ဤကျောင်းတော်ကြီးကို အပ်နှံလှူဒါန်းပါ သည် ဘုရား””ဟု လျှောက်ထား၍ တရား ၀င်မြွက်ကာ လှူဒါန်းရေစက်ချခဲ့ပါသည်။

မဟာသနိ္တသုခ ကျောင်းတော်ကြီး တည်ဆောက်လှူဒါန်းရေးအဖွဲ့တွင် နာယကဖြစ်ပြီး ကျောင်းတော်ကြီး ကြီးကြပ် ထိန်းသိမ်းရေးအဖွဲ့တွင်လည်း နာယကဖြစ်သော အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့် ကိုယ်တိုင် မဟာသနိ္တသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့အား လှူဒါန်းပွဲ၌နှုတ်ဖြင့်ရွတ်ဆို ရေ စက်ချ အပ်နှံလှူဒါန်းမှုဖြစ်ရာ ၀ိနည်းတော် အရ မှန်ကန်သော လှူဒါန်းမှု (သုဒိန္န) မြောက်ပါသည်။ အပ်နှံ လှူဒါန်းမှုကို လက်ခံရာတွင်လည်း ပါဠိသဒ္ဒါနည်း၊ မြန်မာသဒ္ဒါ နည်းဖြင့် ကံပုဒ်၊ သမ္ပဒါန်ပုဒ် မှန်ကန်စွာ ရွတ်ဆို ဆောင်ရွက်ခြင်း၊ အပ်နှံလှူဒါန်းပွဲကို အလှူဝတ္ထုဖြစ်သည့် ကျောင်းတော် ကြီးပေါ်၌ ပြုလုပ်ခြင်း၊ သံဃာတော်များ ရှေ့မှောက်၌ ရေစက်ချ လှူဒါန်းခြင်းတို့သည် ၀ိနည်းတော်အရ မှန်ကန်သော အလှူခံမှု (သုဂ္ဂဟိတ) မြောက်ပါ သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သံဃာများမှ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ထားသည့် သံဃာ့အဖွဲ့ကြီးဖြစ်ပြီး သံဃာအားလုံးနှင့်သက်ဆိုင်သဖြင့် သံဃာ့ကိစ္စများကို ဘုရားရှင် ပညတ်ထားသော ၀ိနည်းတော်၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ အခြေခံစည်းမျဉ်း၊ ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နေသော သံဃာ့အဖွဲ့ကြီးဖြစ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များသည်လည်း အများဆန္ဒသာသ နာ့တာဝန်ရှိတုန်းသာ တာဝန်ထမ်းဆောင် တော်မူကြပြီး ကျန်ရှိသောကာလများတွင် မြို့ရွာဒေသအသီးသီး၌ မိမိတို့ ထူထောင် ထားသည့် သံဃာ ၃၀၀၊ ၅၀၀ စသည့် စာသင်တိုက်ကြီးများ၏ ဦးစီးပဓာနနာယ ကဆရာတော်ကြီးများဖြစ်ကြပါသည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးတည် ရှိရာရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ ကျောင်းတော်ကြီး၌ မိမိကိစ္စများ ကို ဘေးဖယ်ပြီး သာသနာတော်တာဝန်၊ သံဃာ့တာဝန်လာရောက် ထမ်းဆောင်နေ တော်မူကြသော သံဃာ့ မထေရ်ကြီးများ လည်း ဖြစ်ပါသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေနှင့် သံဃာအများနှင့် ဆိုင်သော သံဃိကကျောင်းကန်အပေါ်၌ စွဲလမ်းမှုထားခြင်း ရှိတော်မမူကြဘဲ ၀ိနည်းတော်အရ သံဃာအများ ဆန္ဒအရသာ ဆောင်ရွက်တော်မူကြ သဖြင့် ရည်ညွှန်း လှူဒါန်းပြီးဖြစ်သည့် ကျောင်းကန်ကို ပုဂ္ဂလိကရည်ရွယ်မှု တစ်ခုခုသို့ စိတ် ညွတ်မည် မဟုတ် ကြောင်း ထင်ရှားပါသည်။ ထိုသို့သာသနာ့တာဝန်ကို ထမ်းရွက်တော် မူနေကြသည့် သံဃာ့မထေရ်ကြီး များအား အလွယ်တကူ လက်လွတ်စပယ် ပြောဆိုမှုများ မပြုသင့်ဟု ထင်မြင်မိပါသည်။

မဟာသနိ္တသုခ ကျောင်းတော်ကြီး အပ်နှံလှူဒါန်းပွဲတွင် နိုင်ငံတော်သံဃမဟာ နာယကအကျိုးတော်ဆောင်၊ မကွေးဆရာ တော်ကြီးက ““ကျောင်းတိုက်ကြီး များတည် ထောင်လျှင် ဘာနဲ့ထိန်းသိမ်းကြလဲ၊ စည်းမျဉ်း စည်းကမ်းနဲ့ ထိန်းသိမ်းထားတာပါ။ ထို့အတူပဲ ယခုမျက်မှောက်ခေတ်မှာလည်း ပဲ ဒီဃဒဿီ အရှည် မြော်မြင် တော်မူကြတဲ့ ရှေးရှေးဆရာတော်ကြီးများသည် ပရိယတိ္တ စာသင်တိုက်ကြီးများ တည်ထောင်တဲ့အခါ စည်းမျဉ်း စည်းကမ်းနဲ့ပဲ ထိန်းသိမ်းသွားကြ တယ်။ အနီးကပ်ပြောရရင် ပခုက္ကူနိကာယ သံဃာ့ အဖွဲ့ကြီးစတင် တည်ထောင်တဲ့အခါ ရေစကြိုဆရာတော်ကြီးက-

၁။ အာရာမိဿရ ဆရာတော်များ လိုက်နာရန် စည်းမျဉ်း

၂။ ဂဏ၀ါစက စာချဆရာတော်များ လိုက်နာရန် စည်းမျဉ်း

၃။ ကျောင်းအုပ်ဆရာတော်များ လိုက်နာရန် စည်းမျဉ်းနှင့်

၎။ သောတုဇန စာသင်သားများ လိုက်နာရန် စည်းမျဉ်း

တို့ကို အကျယ်တ၀င့် သြ၀ါဒ မိန့်ကြားတော်မူပြီး မဟာသနိ္တသုခကျောင်း တော်ကြီးကိုနိုင်ငံတော်ပရိယတိ္တ တက္ကသိုလ်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီး တို့ကဲ့ သို့ စနစ်တကျ စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရန် သြ၀ါဒချီးမြှင့်ခဲ့ပါသည်။ ရဟန်းတော်များတွင် ၀ိနည်းသိက္ခာ ပုဒ် ၂၂၇သွယ်ရှိ၍ ထိုသိက္ခာပုဒ်များကို ဘုရားရှင်က ပညတ်ပေးထားတော်မူခဲ့ပါ သည်။ မဟာသနိ္တသုခကျောင်းတော်ကြီး လှူဒါန်းအပ်နှံပွဲ အခမ်းအနား၌နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုး တော်ဆောင် မကွေးဆရာတော် ဘုရားကြီးကစည်း မျဉ်းစည်းကမ်းနှင့်ပတ်သက်၍ ၀ိနည်းတော် သဟသေယျ သိက္ခာပုဒ်နှင့် အညီရှိစေဖို့ ဆက်လက်မိန့်ကြား တိုက်တွန်းခဲ့သည်ကို အမှတ်ရနေပါသေးသည်။

““သင်တန်းသူတွေထဲမှာ သီလရှင် များပါလာသည်ကိုလည်း တွေ့ကြုံရနိုင်ပါတယ်။ သီလရှင်များနှင့်ဆိုတော့ ဒီကျောင်းကြီးမှာ သီလရှင်များ နေထိုင်အိပ်စက်ခွင့် သိပ်မပြုသင့်လို့ ဘုန်းကြီးယူဆတယ်။ ရဟန်းတော်များဟာ လူသာမဏေတို့နှင့် တစ်မိုး တစ်ယံတည်းသော အဆောက်အအုံထဲမှာ အတူမအိပ်ရဘူး၊ လူသာမဏေ တို့နဲ့ နှစ်ည၊ သုံးည အတူအိပ်ကောင်းပြီး ထိုထက်ပိုပြီးအတူ မအိပ်ကောင်းဘူး။ အဲဒီလို ၀ိနည်းမှာကရှိတဲ့ အတွက် ကျန်ညကျရင် ရဟန်းသံဃာတော်တွေက ၀ိနည်းတော်ကို မလွန်စေဖို့ လူသာမဏေများ အိပ်ရာမထ ခင်ဦးစွာ အိပ်ရာက ထနေရပါတယ်။ အမျိုးသမီးကတော့ နေ့ရယ် ညရယ်မရွေးဘူး။ ရဟန်းကတုံးလုံးလှဲလိုက်တာနဲ့ အာပတ်သင့် တော့တာပဲ။ ဒါကြောင့် ဒါလေးလည်းပဲ သတိထားပြီးပြုပြင်ဆောင်ရွက်ကြရန် ဘုန်း ကြီးမိန့်ကြား ပါတယ်””

သဟသေယျ သိက္ခာပုဒ်

ယောပန ဘိက္ခုအနုပသမ္ပန္နေဥတ္တရိ ဒိရတ္တတိရတ္တံ သဟသေယျံ ကပ္ပေယျ၊ ပါစိတိ္တယံ။

(ပထမသဟသေယျ သိက္ခာပုဒ်)

လူသာမဏေနှင့် နှစ်ညဥ့်သုံးညဥ့်ထက် အတူအိပ်သောရဟန်းသည် ပါစိတ် အာပတ်သင့်၏။

ယောပန ဘိက္ခုမာတုဂါမေန သဟသေယျ သိက္ခာပုဒ်)

(ဒုတိယ သဟသေယျ သိက္ခာပုဒ်)

မိန်းမနှင့်အတူ အိပ်သော ရဟန်းသည် ပါစိတ်အာပတ်သင့်၏။

ဘုရားရှင် ပညတ်တော်မူအပ်သော အထက်ပါ သိက္ခာပုဒ်များအရ အကျိုးတော်ဆောင် ဆရာတော်ကြီးက သာသနာတော်အတွက် ရည်မျှော်၍ ၀ိနည်းကြောင်း အရ သြ၀ါဒပေး မိန့်ကြားတော်မူခြင်းဖြစ် ပါသည်။

မဟာသနိ္တသုခကျောင်းတော်ကြီးတွင် အထပ်ပေါင်း ၁၀ထပ်ရှိရာ လူပုဂ်္ဂိုလ်၊ သီ လရှင်များကိုပါ ကျောင်းနေ ကျောင်းစားထားရှိ၍ ဟိုတယ်ကြီးသဖွယ် ဆောင်ရွက်၍မရပါ။ ရဟန်းသံဃာတော်များသည် လူဒါယကာများ အထူးသဖြင့် အမျိုးသမီး မာတုဂါမများနှင့် ရောနှော၍ အတူတကွ သွားလာနေထိုင်ပြီး လူ့သဘာဝအတိုင်း ရင်းနှီးပြွမ်းတီးနေခြင်းအားဖြင့် သာသနာတော်၏ အသက်သဖွယ်ဖြစ်သည့် ၀ိနည်းတော်ကို ပေါ့လျော့ပစ်ပယ်ရာ ရောက်စေမှုကို သတိပေး ဆုံးမတော်မူခြင်းဖြစ်ပါသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာရဟန်းတော်များ သည်နိုင်ငံခြား သို့ ရောက်ရှိခိုက် ဟိုတယ်များ၌ တည်းခိုကြသည့်အခါ သဟသေယျ သိက္ခာအတိုင်း လိုက်နာ စောင့်ထိန်းကြရ ပါသည်။ ထိုသိက္ခာပုဒ်အရ ခြွင်းချက်ပြု၍ လျှော့ပေါ့ခွင့်မရှိပါ။

ဝိနည်းတရားတော်ကို သံဃာတော်များက စောင့်ထိန်းကြသည်။ သံဃာတော်များသည် သာသနာတော်မြတ် ကြီးကို စောင့် ထိန်းကြသည်။ ၀ိနည်းကျင့်ဝတ် ချွတ်ယွင်းလျှင် သံဃာမမည်တော့ပေ။သံဃာမရှိလျှင် ဗုဒ္ဓသာသနာတော် မတည်တံ့နိုင်တော့ပေ။ ၀ိနည်းကျင့်ဝတ်ကို လိုက်နာခြင်းမပြုတော့ လျှင်သံဃာရတနာ ကွယ်မည်ဖြစ်၍ သံဃာ ရတနာကွယ်လျှင် ဘုရားရတနာ၊ တရား ရတနာအစစ်အမှန်တို့ ပျောက်ဆုံးကုန်မည် ဖြစ်ပါသည်။

လူပုဂ်္ဂိုလ်များက ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံရမည်ဟု အဆိုအမိန့် များရှိပါသည်။ ရဟန်း သံဃာတော် များက ၀ိနည်းနှင့် ပတ်သက်လာလျှင် အသက်ပေး၍ စောင့်ထိန်းသွားမှုများကို ပါဠိစာပေများ၌ သာဓက မြောက် မြားစွာရှိပါသည်။ လက်ရှိအားဖြင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ တော်ထွန်းလင်းစည်ပင်လျက်ရှိသည့် မြန်မာ နိုင်ငံ တွင်ပင် မဝေးလှသော သာသနာ ၀င်သမိုင်းနှင့်အမျှ ၀ိနည်းကို အသက်တမျှ ထိန်းသိမ်း စောင့်ရှောက်တော်မူ သည့်ရဟန်းသူမွန် အရှင်မြတ်များကို ဖူးတွေ့နိုင်ပါသေးသည်။

ညောင်လေးပင်တောရ ဆရာတော် ကြီးသည် ဆေးရုံ၌ ရောဂါအရ နောက်ဆုံး အချိန်နောက်ဆုံး အခြေအနေ မှာပင် ၀ိကာလ ဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းကာ ဆရာဝန်များ တိုက်ကျွေးသည့် အာဟာရကို ရှောင်ကြဉ် တော်မူခဲ့ပါသည်။ တိပိဋကဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာ တော်ကြီးသည်လည်း နိုင်ငံတော်သံဃမဟာနာ ယက အဖွဲ့တာဝန်၊ နိုင်ငံတော် ပရိယတိ္တသာသနာ့ တက္ကသိုလ်တည်ဆောက် ရေးတာဝန်များဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်စသည့် ခရီးစဉ်များ၌ နေ့နေ့ညည မီးရထား၊မီးသင်္ဘောခရီးစဉ်များတွင် သဟ သေယျ သိက္ခာပုဒ်ကို စောင့်ထိန်းသောအား ဖြင့် လဲလျောင်း အိပ်စက်မှု မပြုခဲ့သည်မှာ အထင်အရှားဖြစ်ပါသည်။ စဥ့်ကိုင်မြို့နယ်၊ ဆားတောင်ရွာ ဆရာတော်ဘုရားကြီးသည် မကျန်းမာစဉ် ကာလဆေးရုံသို့ ပင့်ဆောင် ကုသရာ ဒါယကာ၊ ဒါယိကာမများက ၀ိုင်းဝန်း လျှောက်ထားသည်ကို လက်ခံတော် မမူဘဲ ၀ါတွင်းကာလ ၀ါကျိုးပျက်မည် ကို ၀ိနည်း သိက္ခာပုဒ်အရ အလေးထားတော်မူ လျက် ၀ါပန်ရက်အမီ ကျောင်းသို့အရောက် ပြန်ခဲ့ပါသည်။ အလားတူရန်ကုန်မြို့၊သင်္ဃန်း ကျွန်းမြို့နယ်၊ မေဃ၀တီဆရာတော်ဘုရား ကြီးသည်လည်းနိုင်ငံတော်အဆင့်မြင့် တာ ၀န်ရှိပုဂ်္ဂိုလ်များက ဘွဲ့တံဆိပ်တော် ဆက်ကပ်ရန် လျှောက်ထားမှုကိုငြင်း ပယ်တော်မူ ခဲ့ပါသည်။ ယခု မျက်မှောက်ခေတ်တွင်လည်း လာဘ်လာဘအပေါ် ငဲ့ကွက်မှုမထား၊ ကိုယ်ပိုင်တယ်လီဖုန်း၊ ကိုယ်ပိုင်မော်တော် ကား လှူဒါန်းမှုများကို လက်မခံဘဲ ပလိဗောဓ ကြောင့်ကြမှုများမည့် အရေးတွေးရှုကာ ရှောင်ရှား တော်မူကြ သည့် မထေရ်မြတ်များကို ကြားသိနေရပါသေးသည်။

မဟာသနိ္တသုခ ကျောင်းတော်ကြီးမှာ ကြီးမားကျယ်ပြန့်လှပါသည်။ ကျောင်းတော်ကြီး၏ တစ်လတစ်လ လျှပ်စစ် အသုံးပြုမှု မီတာခပင် ပမာဏကြီးလှ၏။ တစ်လမီတာခ ၁၅သိန်းခန့် ကုန်ကျပါသည်။ အခြားသန့်ရှင်းရေး၊ ရေသန့်၊ ဆွမ်း ကွမ်းစရိတ်စသည်ဖြင့် တစ်လတစ်လ စုစု ပေါင်းသိန်း ၅၀ခန့် ကုန်ကျပါသည်။ ထို့ပြင် မဟာသန်္တိသုခ ကျောင်းတော်ကြီး တည်ဆောက်ပြီးသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စိုက်ထုတ် ကျခံထားသည့်အကြွေးသိန်းပေါင်း ၂၀၀၀ ကိုလည်း၁၀နှစ်ခန့် အရစ်ကျပေးဆပ်ခဲ့ရ သည်ကို လက်တွေ့တာဝန်ယူရသူများကသာ ပိုမိုနားလည်နိုင်ပါသည်။

ထိုသို့သော ကျောင်းတော်ကြီး၏ စရိတ်စကများအတွက် အထောက်အကူ ဖြစ်စေရန် ကျောင်းတော်ကြီးရှိ ခန်းမများ၌အလှူပွဲ၊ မင်္ဂလာဆွမ်းကျွေးပွဲများ အသုံး ပြုခွင့်ပေး၍ လှူဒါန်းငွေဖြင့်ရန်ပုံငွေကို ဖြည့်တင်းခဲ့ရသည်ဟု သိရှိရပါသည်။ ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ မိုးကုတ် ၀ိပဿနာရိပ်သာ၊ တိပိဋကနိကာယ ကျောင်းတော်၊ ကျားကူးဓမ္မဗိမာန် စသည်ဖြင့် ခန်းမများတွင် အလှူမင်္ဂလာပွဲများ ကျင်းပကြသည့်နည်းတူ မဟာသနိ္တသုခ ကျောင်းတော်ကြီး ၌လည်း ဂေါပကအဖွဲ့မှ ယင်းသို့ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျောင်းတော် ရန်ပုံငွေအတွက် ရည်ရွယ်ပြုလုပ်ရင်း ရုပ်ရှင်ရိုက်ကူးခန်းမအထိ စည်းကမ်းဘောင်ကျော် လွန်သွားသဖြင့် ဘာသာသာသနာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသည့် ပြုမူလုပ်ဆောင်မှုများ မပြုလုပ် စေရန် ပိတ်ပင် တားမြစ်ခဲ့ရသည်များလည်း ရှိခဲ့ပါသည်။

မဟာသနိ္တသုခ ကျောင်းတော်ကြီးကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား အပ်နှံလှူဒါန်းပြီးနောက် မြန်မာနိုင်ငံအစိုးရ အဖွဲ့တာဝန်ရှိသူအနေနှင့် ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ၁၈-၂-၂၀၀၄ရက်စွဲပါစာဖြင့် ပီနန် ဆရာတော်ကြီးအား အသိပေးလျှောက် ထားခဲ့သည်မှာလည်း ထင်ရှားပါသည်။

““ကျောင်းတော်ကြီး ဆောက်လုပ်ပြီး စီးသွားသော်လည်း ရေရှည်တည်တံ့နိုင်ရန် အစောင့်အရှောက် (ဂေါပက) မဖွဲ့ရသေးခြင်း၊ ကျောင်းစည်းမျဉ်းရေးဆွဲ မပြဋ္ဌာန်းရသေး ခြင်းတို့ကြောင့်စနစ်တကျထိန်း သိမ်းစောင့် ရှောက် နိုင်ရန်အတွက် ကျောင်းတော်ကြီး ကို ၂၀၀၂ခုနှစ်နိုဝင်ဘာလတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား လှူဒါန်းအပ်နှံခဲ့ကြောင်း၊ ဤမဟာသနိ္တသုခကျောင်းတော် ကြီးကို နိုင်ငံတော် အစိုးရအနေဖြင့်လည်း ထိန်းသိမ်း စီမံခြင်းမပြုလိုသည့်အပြင် သာ သနာတော်အကျိုး ထပ်ဆင့်တိုးပွားရန်သာ ရည်စူး၍ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့အားလှူဒါန်း အပ်နှံခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်များသည် လည်း မအားလပ်သည့် ကြားမှပင် တပည့်တော်တို့က ဤမဟာ သန်္တိသုခကျောင်းတော်ကြီးကို လှူဒါန်းအပ် နှံလိုက်သဖြင့် သာသနာ့တာဝန်ကို လက်ခံဆောင်ရွက်တော်မူကြခြင်း ဖြစ်ပါကြောင်း”” ဤသို့လျှောက်ထားမှုမှာ နိုင်ငံ့တာဝန်ရှိသူ များအနေနှင့် သဘောရိုးဖြင့် ဆောင်ရွက် ခဲ့ခြင်းပေါ်လွင်နေပါလျက် မကြားယောင် မမြင် ယောင် မပြုသင့်ဟု ယူဆပါသည်။

ပီနန်ဆရာတော်ကြီးသည် နိုင်ငံရပ်ခြား၌ သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (Sasana Moli International Burmese Monks Organization) ကိုထူထောင်လျက် မြန်မာနိုင်ငံနှင့် ကင်းကွာခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ်ခဲ့မှုအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက် ရှိပြီးမဟာသနိ္တသုခကျောင်းတော်ကြီးအား ပုဂ်္ဂလိကပိုင်ဆိုင်မှု ပြုလုပ်ရေး တောင်းဆိုခဲ့ပါသည်။

နိုင်ငံတော်အကြီးအကဲများက မဟာသနိ္တသုခကျောင်းတော်ကြီးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အား လှူဒါန်းပြီး ဖြစ်၍ ပေးခွင့်မရှိကြောင်း နိုင်ငံတော်သံ ဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပီနန် ဆရာတော် ကြီးထံ ပြန်ကြားထားပြီး ဖြစ်ပါသည်။ သာသနာ့မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ သက်ဆိုင်ရာစာရွက် စာတမ်းများပါ ပေးပို့၍လည်းဝိနည်းကြောင်း ဥပဒေကြောင်းများဖော်ပြရှင်း လင်းပြီးဖြစ်ပါ သည်။ သာသနာ့မြေ သာသနိက အဆောက်အအုံ အငြင်းပွားမှုဖြစ်လျှင် ၀ိနည်းတော် အရသံဃာအချင်းချင်းဖြေရှင်းရမည့် ကိစ္စဖြစ်၍ ၀ိနည်းဓမ္မ ကံလုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ ဥပဒေဘောင်အတွင်း မူအရသာ ဆောင်ရွက်ခွင့်ရှိမည်ဟု မှတ်ယူရမည့် ကိစ္စဖြစ်ပါသည်။

ရဟန်းတော်များ နေထိုင်ကျင့်သုံးမှု ကျင့်ဝတ်ပိုင်းဆိုင်ရာ အနုဝါဒါဓိကရုဏ်းမှုခင်းနှင့် ကျောင်းကန် စသည့် အငြင်းပွားမှုဆိုင်ရာ ၀ိဝါဒါဓိကရုဏ်း မှုခင်းများ ဖြစ်ပေါ်ပါက ဖြေရှင်းရန်က အစ၀ိနည်း ပါဠိ တော်ကျမ်းများ၌ ဖွင့်ပြရှင်းလင်းထားပါ သည်။ ထိုရဟန်းကျင့်ဖွယ် ၂၂၇သွယ် သိက္ခာပုဒ်များအနက် နိဿဂိ္ဂယပါစိတ် ပတ္တ၀ဂ်၌ ပရိဏတသိက္ခာပုဒ်ပါရှိ၏။

မြတ်စွာဘုရားရှင်သာဝတ်္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဗုဒ္ဓဘာသာအသင်းအဖွဲ့တစ်ခုသည် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းကပ်ပြီးလျှင် သင်္ကန်းပါလှူမည်ဟု သင်္ကန်းနှင့် ဆွမ်းစီမံထားရာ အလိုဆိုးရှိ သော ဆဗ္ဗဂီ်္ဂရဟန်းတို့ ရောက်ရှိလာပြီး “ဒကာတို့ သံဃာအားလှူသူတွေ ပေါပါတယ်။ ငါတို့မှာတော့ ဒကာတို့ ကိုပဲအားကိုးနေရတာ၊ ဒကာတို့ကမလှူလျှင် ဘယ်သူကလှူမှာလဲ””ဟု အကျပ်ကိုင်ကာ အလှူခံကြ၏။ ထို့ကြောင့် သင်္ကန်းများကို ဆဗ္ဗဂ်္ဂီရဟန်းတို့အား လှူပြီး သံဃာ့အား ဆွမ်းကိုသာ လှူလိုက်ရမှုကို အကြောင်းပြု ၍ ပရိဏတသိက္ခာပုဒ်ကို ပညတ်တော်မူ ကြောင်း သိရှိရပါသည်။

ယောပန ဘိက္ခူဇာနံသံဃိကံ လာဘံ ပရိဏတံ အတ္တနော ပရိဏာမေယျ၊ နိဿဂိ္ဂယံ ပါစိတိ္တယံ။

ဤအဓိပ္ပာယ်မှာဆိုလိုချက်မှာ သံဃာ အားညွတ်ပြီးသား၊ရည်ညွှန်းပြီးသား သံဃိကလာဘ်ကို မိမိသို့ညွတ်စေ၍ အလှူခံယူလျှင် နိဿဂိ္ဂပါစိတ် အာပတ်သင့်သည်ဟု ညွှန်ပြပါသည်။ သံဃာအား ညွတ်ပြီးသော ပစ္စည်းကို ရဟန်း၏ မယ်တော်ပစ္စည်းပင်ဖြစ်သော်လည်း မိမိအား မညွတ်စေကောင်း၊ ညွတ်စေလျှင် နိဿဂိ္ဂ ပါစိတ် အာပတ်သင့်သည်ဟု ဆိုလိုရပါသည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသည် ၀ိနည်းပညတ်ချက်အရ လည်း ကောင်း၊ သံဃာ့အဖွဲ့အစည်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ၀ိနည်းဓမ္မကံဆိုင်ရာ လုပ်ထုံး လုပ်နည်းအရလည်းကောင်း၊ မည်သူ့ဘက် ကိုမျှ လိုက်ပါခြင်း၊ ယိမ်းယိုင်ခြင်းမရှိပါ။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အနေ နှင့် မဟာသနိ္တသုခ ကျောင်း တော်ကြီး ကိစ္စသည် ကျောင်းကန်အငြင်းပွားမှု တစ်ခုမျှ ဖြစ်၏။ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းကန် အငြင်းပွားမှု ပေါင်းများစွာကို နေ့စဉ်ရုံးထိုင်၍ ၀ိနည်းတော်နှင့်အညီ ဆောင်ရွက်နေသော အဖွဲ့ကြီးအဖို့ ၀ိနည်းတော်ကလွဲ၍ အခြား တစ်ပါးယိမ်းယိုင်ဖွယ် မရှိပါ။

သံဃာနှင့်ဂိုဏ်းကို ရည်စူးရုံမျှမကဘဲ သုဒိန္နသုဂ္ဂဟိတမြောက် ရေစက်ချလှူဒါန်း ပြီးသော မဟာသနိ္တသုခ ကျောင်းတော်ကြီးကို ပုဂ္ဂလိကတစ်ဦးအား ဆိုင်စေ၊ ပိုင်စေ ညွှန်ကြား၍မရပါ။ ပေးပိုင်ခွင့်၊ ညွှန်ကြား ပိုင်ခွင့် လည်းမရှိပါ။ ရယူပိုင်ဆိုင်လိုသူ တစ်ဦးကလည်း သံဃာနှင့်ဂိုဏ်းပစ္စည်းကို ပိုင်ဆိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် မရှိပါ။ ထိုပုဂိ္ဂုလ် အနေနှင့် ၀ိနည်းတော်သတ်မှတ်ချက်အရ မပိုင်ထိုက်ဘဲ ရယူခဲ့ပါလျှင် ကျောင်းပေါ် တက်တိုင်း၊ နေထိုင်တိုင်း၊ အိပ်စက်တိုင်း၊ ၀ိနည်းပြစ် မလွတ်ပါ။ ကျောင်းကို အသုံးပြု ခွင့်မဆိုထားနှင့် အဆုံးစွန် ပြောလျှင် ကျောင်းရိပ်ခိုလှုံလျှင်ပင် ၀ိနည်းပြစ်မလွတ်ကြောင်း ၀ိနည်းပါ ဠိတော်အဖွင့်အဋ္ဌကထာ ကျမ်း၌ အကျယ် ဖွင့်ဆို ထားပါသည်။

သံဃာတစ်ပါးချင်းစီသည် ပုဂ်္ဂိုလ်ဖြစ်၏။ တစ်ပါးတစ်ပါးသံဃာများ စုပေါင်းသော အခါသံဃာ ဖြစ်လာ၏။ သံဃာ၏ ညီညွတ်မှုကို ဘုရားရှင်ကိုယ်တော်တိုင် ချီးမွမ်းတော်မူ၏။ ပုဂိ္ဂုလ်ထက် သံဃာအားလှူဒါန်းခြင်း က ပိုမိုမွန်မြတ်ကြောင်း ဘုရားရှင်ဟောကြားထားသည်ကိုလည်း အားလုံးအသိဖြစ် ပါသည်။

သာသနာနှစ် ၂၅၅၀ကျော်ကာလကို ဖြတ်ကျော်ကာ သာသနာတော်မြတ်ကြီးကို စဉ်ဆက်မပြတ်သယ်ဆောင် လာခဲ့သည်မှာ သံဃာတော်များ၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။ ပုဂိ္ဂုလ်တစ်ဦး အနေနှင့် ဤမျှထိ သယ်ဆောင် ခြင်းငှာ မစွမ်းနိုင်သည်ကို အားလုံးအသိဖြစ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည်လည်း နိုင်ငံ တော်တစ်ဝန်းလုံးရှိ သံဃာတော်များက ဆန္ဒပေးရွေးချယ်ထားသော သံဃာ့မထေရ်များဖြင့် ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့ကြီး ဖြစ်ပါသည်။ ပုဂိ္ဂုလ်တစ်ပါးတစ်ပါးစီသာ လဲလှယ်သွားနိုင်သော်လည်း သံဃာ့အဖွဲ့ ကြီးကမူ သံဃာ့ ညီညွတ်မှုအရ အသစ်အသစ် အစားထိုးလျက် ဆက်လက်ဩ၍ သာသနာ့ တာဝန် ထမ်းဆောင်နေ သည်မှာ မျက်မြင်ဒိဌိပင် မဟုတ်ပါလော။

ဝိနည်းတရားတော်ကို မဏ္ဍိုင်ပြု ဆောင်ရွက်တော်မူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် နိုင်ငံတစ်ဝန်းလုံးရှိ သံဃာတော်များကိုယ်စား သံဃာ့အင်အားဖြစ်၍ နိုင်ငံတော် ပရိယတ်္တိသာသနာ့ တက္ကသိုလ် ကြီးများနှင့် အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးတို့ကို အစဉ်အဆက် ကောင်းအင်အား ကို ပေးစွမ်းနိုင်သည့် တစ်ခုတည်းသော သံဃာ့အဖွဲ့အစည်းကြီး မဟုတ်ပါလော။

သာသနာတော်၏ အသက်သဖွယ်ဖြစ်သည့် ၀ိနည်းတရားတော်၌ အကျင့်သီလ တူမျှတော်မူကြသည့် နိုင်ငံတော်သံဃနာ ယကဆရာတော်ကြီးများအား အပ်နှံလှူ ဒါန်းထားပြီးဖြစ်သည့် မဟာသနိ္တသုခ ကျောင်းတော်ကြီးကို ပုဂ္ဂလိကပိုင်ပြောင်းလဲစေရန် တိုက်တွန်းတောင်းဆို နေသူများ မှာ သီလသမာဓိပညာနှင့် ပြည့်စုံတော်မူကြသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား ၀ိနည်းကျင့်ဝတ်ကို ဖောက်ဖျက်ခိုင်းရာ မရောက်ပေသလော။

အားလုံး စဉ်းစားတော်မူကြပါ။ ၀ိနယော နာမသာသနဿ အာယု၊ ၀ိနယေ ဌိတေသာသနံဌိတံ-ဟုဘုရားရှင် မိန့်ကြား ထားပါသည်။ ၀ိနည်းသည် သာသနာတော် ၏ အသက်ဖြစ်ပါသည်။ ၀ိနည်းတည်မှ သာသနာ တည်မှာပါ။ ၀ိနည်းတော်ကို ဖောက်ဖျက်ခိုင်းလျှင် သာသနာတော်ကို ပျက်အောင်ပြုသည်နှင့် မခြားဖြစ်ကြပါ မည်။ သာသနာမပြုနိုင်စေကာမူ သာသနာ ဖျက်ရာရောက်လျှင် သံသရာ၌ အပြစ်ကြီး လေးလှပါသည်။ သံဃာ သင်းခွဲသည်အထိ ရောက်ရှိသွားပါမူ ပဉ္စာနန္တရိယကံကြီးထိုက် သည်အထိ အပြစ်ကြီးလေးပါသည်။

မဟာသနိ္တသုခကျောင်းတော်ကြီး ပိုင်ဆိုင်ခွင့်အငြင်းပွားမှု၌ မပြစ်မှားထိုက်သူ များအားပြစ်မှားမိပြီး အကုသိုလ် မပွားရ လေအောင်၊ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒ ဘေးကင်းဝေးရလေအောင် စေတနာ ကောင်းဖြင့် ဖြစ်စဉ် အမှန်ကို မခြွင်းမချန် တင်ပြလိုက်ရပါသည်။

(မှတ်ချက်။ အထက်ပါဆောင်းပါးကို ရေးသားသူ ဦးဓမ္မသည် သာသနာရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိ ၀န်ထမ်းတစ်ဦးဖြစ်ပါသည်။   အယ်ဒီတာ)

မြန်မာသံတော်ဆင့်